၄. ၇. ၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA)က ကြီးမှူးကျင်းပသည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း (၇၀) ကျော်ပါဝင်ပြီး အလုပ်အကိုင်ပေါင်း (၁၀၀၀) ကျော်ခေါ်ယူမည့် “Nextgen Career and Opportunity Fair” ပြပွဲကို ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင် ယနေ့ ဇူလိုင် ၄ ရက်မှ ဇူလိုင် ၅ ရက်အထိ (နံနက် ၉ နာရီမှ ညနေ ၆ နာရီ)ပြုလုပ်လျက်ရှိသည်။
အဆိုပါ အလုပ်အကိုင်ပြပွဲကို လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးပေးနိုင်ရေး၊ လုပ်ငန်းရှင်များနှင့် အလုပ် အကိုင်ရှာဖွေသူများအကြား ထိရောက်သော ချိတ်ဆက်မှုများ ဖော်ဆောင်ပေးနိုင်ရေး၊ ပုဂ္ဂလိကကဏ္ဍ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများ ပိုမိုတိုးချဲ့နိုင်ရေးတို့ကို ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။



ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသူရိန်အောင်က “ကျွန်တော်တို့ ဒီနေ့ပွဲမှာတော့ ကုမ္ပဏီ ၇၀ ကျော်ကနေ လုပ်ငန်းအခွင့်အလမ်းပေါင်း ၁၀၀၀ ကျော်ကို ကျွန်တော်တို့ ဒီမှာ ပြသပြီးတော့ လုပ်ငန်းတွေ ခေါ်ယူတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီတိုင်းဒေသကြီးက ဖွဲ့စည်းအဖွဲ့တွေ၊ ဌာနတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ကျွန်တော်တို့ ကျောင်းတွေ၊ ကောလိပ်တွေ၊ တက္ကသိုလ်တွေ အကုန်လုံးကိုလည်း ဖိတ်ကြားထားပါတယ်။ ဒီနှစ်ရက်တာကာလမှာ ဒီ Opportunity တွေကို ကျွန်တော်တို့ ဒီမှာမျှဝေဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုခေတ်က လူငယ်တွေရဲ့ ဒီကဏ္ဍမှာရော၊ ဒီလုပ်ငန်းတွေမှာရောက ကျွန်တော်တို့က Social Media နဲ့ ကင်းကွာလို့ မရပါဘူးခင်ဗျာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ Social Media နဲ့ ပတ်သက်တဲ့ Influencer၊ နောက်တစ်ခုက ပုံမှန်လုပ်ငန်းအစဉ်အလာအရ ဝန်ထမ်းလုပ်တာမျိုးတင် မဟုတ်ဘဲနဲ့ Freelance နဲ့ ဒီ Part-time လုပ်တဲ့ အလုပ်တွေကိုလည်း ဒါသင်ယူ၊ ပြန်ကြားနိုင်ဖို့ ဆိုပြီးတော့လည်း ကျွန်တော်တို့ Influencer တွေကို ဖိတ်ပြီးတော့မှ Panel Discussion တွေ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။



ယင်းအလုပ်အကိုင်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် YRYEA ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်းရှင်များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်အကိုင်ရှာဖွေသူများ တက်ရောက်လေ့လာခဲ့ကြသည်။
အဆိုပါ Career and Opportunity Fair တွင် ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း (၇၀) ကျော် ပါဝင်ပြသထားပြီး အလုပ်အကိုင်ရှာဖွေသူများအတွက် CV များကို တစ်နေရာတည်းမှ ကုမ္ပဏီများသို့ တိုက်ရိုက်လျှောက်ထားနိုင်ရန်စီစဥ်ထားပြီး ကျွမ်းကျင်သူများထံမှ CV Review ဝန်ဆောင်မှု ရယူနိုင်ခြင်း၊ Interview များကို တိုက်ရိုက်ဖြေဆိုနိုင်ခြင်း၊ အလုပ်သမား မှတ်ပုံတင်ကတ် (Labour Card) ကို တစ်နေရာတည်းတွင် လျှောက်ထားဆောင်ရွက်နိုင်ခြင်းစသည့် ဝန်ဆောင်မှုများကိုလည်း စီစဉ်ပေးထားကြောင်း သိရသည်။
ယင်းပြပွဲတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၊ အိမ်ခြံမြေ၊ အိမ်တွင်းအလှဆင်၊ အီလက်ထရောနစ်၊ နည်းပညာကုမ္ပဏီ၊ မိုဘိုင်းဖုန်း၊ ဘဏ်များ၊ အလှကုန်လုပ်ငန်းများ၊ သင်တန်းကျောင်းများ၊ စားသောက်ကုန်လုပ်ငန်းများနှင့် အသေးစား အလတ်စားကုမ္ပဏီလုပ်ငန်းများအစရှိသည့် နယ်ပယ်အသီးသီးရှိ လုပ်ငန်းများမှ အလုပ်အကိုင်နေရာပေါင်း ၁၀၀၀ ကျော်အတွက် ဝန်ထမ်းများခေါ်ယူလျက်ရှိကြောင်း သိရသည်။



