သက်တံ့
၄. ၇. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ဝစ္စကွန်းဆင်း (Wisconsin) ပြည်နယ်တောင်ပိုင်းဒေသတစ်လျှောက် ပြင်းထန်သော ရာသီဥတုဒဏ်ကြောင့် သောကြာနေ့ (ဇူလိုင် ၃ ရက်) က စက်လှေတစ်စီး တိမ်းမှောက်ခဲ့ပြီးနောက် ဂျနီဗာကန် (Geneva Lake) အတွင်း ကလေးငယ် ၃ ဦး သေဆုံးသွားခဲ့သည်။
လေပြင်းတိုက်ခတ်ပြီး လှိုင်းလေထန်မှုကြောင့် စက်လှေအတွင်း ရေများဝင်ကာ တိမ်းမှောက်နစ်မြုပ်သွားခဲ့ချိန်တွင် စက်လှေပေါ်၌ ကလေးငယ် ၄ ဦး အပါအဝင် စုစုပေါင်း လူ ၁၀ ဦး လိုက်ပါလာကြောင်း ဂျနီဗာကန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လူကြီး ၆ ဦးနှင့် ကလေးငယ် ၁ ဦးတို့ကို ရေထဲမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ကျန်ရှိသည့် အသက် ၁၃ နှစ်အောက် ကလေးငယ် ၃ ဦးကိုမူ နောက်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အသက်ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ကြသော်လည်း သေဆုံးသွားခဲ့ရသည်။
ဝေါဝေါ့သ် (Walworth) ခရိုင် ဒုတိယရဲမင်းကြီး တွမ်ဟော့စ်နာ (Tom Hausner) က သောကြာနေ့ မွန်းတည့်ချိန်တွင် ဝေါဝေါ့သ်ခရိုင်တောင်ပိုင်းသို့ ပြင်းထန်သော မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ပြီး”ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ” ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ သစ်ပင်များနှင့် လျှပ်စစ်မီးလိုင်းများ ပြိုလဲခြင်း၊ မော်တော်ယာဉ်များ ထိခိုက်ပျက်စီးခြင်းနှင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံများအတွင်း လူများပိတ်မိနေခြင်းတို့ကြောင့် အရေးပေါ်ဖုန်းလိုင်း (911) သို့ ခေါ်ဆိုမှုများ စုပြုံရောက်ရှိလာခဲ့သည်။
လိတ်ခ်ဂျနီဗာ (Lake Geneva) မြို့တော်ဝန် တော့ဒ်ခရော့စ် (Todd Krause) က အရေးပေါ်အခြေအနေ ကြေညာထားသည်။ ဝေါဝေါ့သ်ခရိုင်အနေဖြင့် အနီးနားရှိ ခရိုင်များမှ တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ဝစ္စကွန်းဆင်း သဘာဝသယံဇာတဌာနတို့ထံမှ ကူညီပံ့ပိုးမှုများ တောင်းခံထားကြောင်း ဟော့စ်နာက ဆိုသည်။
သောကြာနေ့ မွန်းလွဲပိုင်းနှင့် ညပိုင်းတို့တွင် မစ်ဒ်ဝက်စ် (Midwest) ဒေသတစ်လျှောက် မုန်တိုင်းများ ဖြတ်သန်းတိုက်ခတ်ခဲ့မှုကြောင့် အမေရိကန်ရှိ မြို့အတော်များများတွင် ရုံးပိတ်ရက်ပွဲတော်များကို ဖျက်သိမ်းခဲ့ကြပြီး စနေနေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီးရှူးမီးပန်းပစ်ဖောက်မှုများကို ရက်ရွှေ့ဆိုင်းခဲ့ကြကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
Ref: Xinhua
