◾ အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာအရအရေးပါသည့် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးလုပ်ငန်းများကို မိမိတို့အစိုးရတာဝန်ယူထားရသည့် ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးမှုရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရန်ပါ မှာကြား
သတိုး
၉ . ၇. ၂၀၂၆
အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ၊ နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ ယနေ့ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးတင်မောင်ဆွေ၊ ဦးအောင်ကျော်ဟိုးနှင့် ဦးမျိုးသန့်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် အိမ်နီးချင်း ၅ နိုင်ငံရှိပြီး ကုန်းလမ်းဆက်သွယ်မှုလမ်းကြောင်း၊ ရေလမ်းဆက် သွယ်မှုလမ်းကြောင်းများ ရှိကြောင်း၊ အဆိုပါအိမ်နီးချင်းနိုင်ငံများသို့ သွားရောက်နိုင်သည့် ကုန်လမ်းဆက်သွယ်မှု လမ်းကြောင်း နှင့် ရေကြောင်းဆက်သွယ်မှု လမ်းကြောင်းများသည် နယ်စပ်ဒေသ ကူးသန်း သွားလာမှုနှင့် ကုန်သွယ်မှုများကို များစွာအထောက်အကူပြုကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများကို စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတော် အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ယခင်ကတည်းကရှိခဲ့သည့် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည့် လမ်းကြောင်းစီမံကိန်းများကို အဆင့်မြှင့်တင်နိုင်ရေး ဦးစားပေး ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းများသည် ယခင်အစိုးရများ အဆက်ဆက်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး အကြောင်း အမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ကြောင်း၊ မိမိတို့အစိုးရတာဝန်ယူသည့်ကာလတွင် အမြန်ဆုံး ပြီးပြတ်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် နိုင်ငံတော်သမ္မတက ပြောကြားသည်။


ထို့အပြင် ကုလားတန်စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် တရားဝင်စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် မိမိတို့နိုင်ငံ၏အစီအစဉ်ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြဝတီ လမ်းကြောင်းသည်လည်း နိုင်ငံတော်၏အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်များရှိသကဲ့သို့ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည်များလည်းရှိကြောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများတစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိရန်လိုအပ်ကြောင်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးအနေဖြင့်လည်း မိမိတို့နိုင်ငံအလိုက် ယာဉ်မောင်းနှင်သည့် စနစ်များတူညီမှု မရှိသဖြင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်နိုင်ရန် လိုကြောင်း၊ အဆိုပါ သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည်များရှိသကဲသို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့နှင့် ပူးပေါင်းဆောင်ရွက်သည် များလည်းရှိကြောင်း၊ ယခုစီမံကိန်းများသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်သဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဥပမာအားဖြင့် အိန္ဒိယနိုင်ငံနှင့်ဆက်သွယ်အသုံးပြုလျက်ရှိသည့် မုံရွာ-ယာကြီး-ကလေး – တမူး လမ်းကြောင်းသည် မိမိတို့နိုင်ငံနှင့် အိန္ဒိယအရှေ့မြောက်ဒေသရှိ ပြည်နယ် ၆ ပြည်နယ်တို့နှင့် ကူးလူး ဆက်ဆံမှုများရရှိပါက မိမိတို့အတွက် ရင်းနှီးမြှုပ်နှံမှု စီးပွားရေးအခွင့်အလမ်းများ ရရှိလာမည် ဖြစ်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့သည်လည်း မိမိတို့နိုင်ငံထက် လူဦးရေနှင့် စီးပွားရေးအခွင့်အလမ်းများများစွာရှိသည့် ပြည်နယ်များ ဖြစ်သဖြင့်ကုန်သွယ်မှုပြုလုပ်မည် ဆိုပါက များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့်လည်း ယခင် ကတည်းက အပြန်အလှန်ကုန်သွယ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ဆက်စပ်လျက်ရှိသည့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် အပြန်အလှန် ကုန်သွယ်မှုများပြုလုပ်နိုင်မည်ဆိုပါက ရှမ်းပြည်နယ် (အရှေ့ပိုင်း)သည် များစွာဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယင်းအပြင် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု လမ်းကြောင်းများ များစွာရှိပြီး မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တည်ဆောက်ရေးပိုင်း၊ လုံခြုံရေးပိုင်း၊ ဥပဒေအရထိန်းချုပ်ရေးပိုင်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအလိုက် သဘောတူညီချက်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သဘောတူညီချက်များကို ပြီးပြတ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ အထိုက်အလျောက် တိုးတက်ကောင်းမွန်လာပြီ ဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာများ ကောင်းမွန်လာပြီဆိုပါက တည်ဆောက်ရေးပိုင်းများကို တစ်ပြိုင်တည်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများသည် နှစ်နိုင်ငံအစိုးရအချင်းချင်း ဆောင်ရွက်ရခြင်းဖြစ်ပြီး မည်သည့်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ကြောင်း၊ နယ်စပ်ဒေသ ကုန်သွယ်မှုများသာမက နှစ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်ကြသည့် ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ တူညီကြသည့် တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ကူးလူးဆက်ဆံမှုများကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ ထိုသို့နယ်စပ် ဒေသနေ ပြည်သူများအချင်းချင်း ကူးလူးဆက်ဆံမှုများ ကောင်းမွန် ခြင်းသည် နှစ်နိုင်ငံ လုံခြုံရေးနှင့်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကိုလည်း များစွာ အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာမြောက် ယခုစီမံကိန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုသာမက နှစ်နိုင်ငံဆက်ဆံရေး ကိုပါ အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် လုပ်ငန်းများဖြစ်သဖြင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် စနစ်တကျဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
