သတိုး
၉. ၇. ၂၀၂၆
ဗြိတိန်မူးယစ်ရာဇာတစ်ဦးထံမှ ဘတ် ၆ သန်း (ဒေါ်လာ ၁၆၀,၀၀၀ ကျော်) ငွေညစ်တောင်းခံခဲ့မှုနှင့် ပတ်သက်၍ ရဲအရာရှိ ၅ ဦးအပါအဝင် လူ ၆ ဦးကို ရာဇဝတ်ကြောင်းအရနှင့် ဌာနတွင်း စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူရန် လုံလောက်သော အထောက်အထားများရှိကြောင်း ထိုင်းနိုင်ငံ အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (NACC) က ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။
ဗြိတိန်နိုင်ငံတွင် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် ဝရမ်းထုတ်ခံထားရသည့် ရီတက်ရှ် ပါတဲလ် (Ritesh Patel) ဆိုသူသည် ဒူဘိုင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် နိုင်ငံကူးလက်မှတ်အတု (Passport) ကို အသုံးပြု၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများက ဖူးခက် (Phuket) တွင် ဖမ်းဆီးခဲ့သည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ပါတဲလ်သည် ၎င်း၏ ထိုင်းလူမျိုးသူငယ်ချင်းဖြစ်သူ သီရာဝမ် ခေအိုငမ်အား မိမိ၏ (ပါတဲလ်၏) နိုင်ငံကူးလက်မှတ်ကို အာဏာပိုင်များထံ သွားရောက်တင်ပြပေးရန် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော် အာဏာပိုင်များက ပါတဲလ်၏ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာနှစ်ခုစလုံးမှာ ပယ်ဖျက်ခံထားရပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့နောက် ပါတဲလ်ကို နှစ်နိုင်ငံသဘောတူညီချက်အရ ဗြိတိန်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် (ဝရမ်းပြေးလွှဲပြောင်းရေး) နှင့် ဥပဒေကြောင်းအရ အရေးယူရန် စောင့်ဆိုင်းနေစဉ်အတွင်း ဘန်ကောက်ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာသို့ ပြောင်းရွှေ့ထိန်းသိမ်းခဲ့သည်။
NACC ၏ စုံစမ်းစစ်ဆေးမှုအရ ပါတဲလ်သည် ၎င်းလွတ်မြောက်ရေးအတွက် အကူအညီရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ရှာဖွေရာတွင် သီရာဝမ်သည် ဝိတ္တယ ဆွန်ဆရီဆာမာကူ (Wittaya Somsrisamakul) ဆိုသူနှင့် မိတ်ဆက်မိခဲ့ပြီး၊ ထိုသူက ရာမတ် ကောဆွန်နိုအန် (Ramate Kaewsungnoen) ဟု နောက်ပိုင်းတွင် အမည်ပေါ်ပေါက်လာသည့် ရဲအရာရှိကြီးတစ်ဦးနှင့် အဆက်အသွယ်ရှိသဖြင့် ပါတဲလ်လွတ်မြောက်အောင် စီစဉ်ပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။
ရဲအရာရှိ ရာမတ်က ထိုကိစ္စကို အဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်သည်ဟု ဝိတ္တယက ပြောကြားခဲ့သောကြောင့် ပါတဲလ်က သီရာဝမ်ကို ဘတ် ၆ သန်း လွှဲပြောင်းပေးရန် ညွှန်ကြားခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ဆိုသည်။
ထို့ကြောင့် ဘတ် ၆ သန်းပေးချေခဲ့သော်လည်း ပါတဲလ်မှာ လွတ်မြောက်လာခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သီရာဝမ်သည် ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့ထံ သွားရောက်ကာ ငွေညစ်ခံရမှုဖြင့် တိုင်ချက်ဖွင့်လှစ်ခဲ့သည်။
နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများအရ ဝိတ္တယ၊ ရဲအရာရှိ ရာမတ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဘူရာယာ (Buraya) တို့အကြား ငွေကြေးစီးဆင်းမှု အဆက်အသွယ်များကို အာဏာပိုင်များက ဖော်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် အဆိုပါအမှုနှင့် ပတ်သက်ဆက်နွှယ်နေသည့် အခြားရဲအရာရှိ ၄ ဦးကိုလည်း ထပ်မံဖော်ထုတ်နိုင်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက် (အင်္ဂါနေ့) တွင် NACC က အဆိုပါ ငွေညစ်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသည့် ဝိတ္တယ၊ ရဲအရာရှိ ရာမတ်နှင့် အခြားရဲအရာရှိ ၄ ဦး အပါအဝင် တရားခံ ၆ ဦးကို အရေးယူရန် လုံလောက်သော သက်သေအထောက်အထားများ ရှိကြောင်း ကြေညာခဲ့သည်။
ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ၊ အထောက်အထားများ၊ အီလက်ထရွန်နစ် မှတ်တမ်းများနှင့် ဆုံးဖြတ်ချက်များကို ရာဇဝတ်ကြောင်းအရ တရားစွဲဆိုနိုင်ရေး စဉ်းစားရန်အတွက် ရှေ့နေချုပ်ရုံး (Office of the Attorney General) ထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပါဝင်ပတ်သက်သည့် ရဲအရာရှိများကို ဌာနတွင်း အရေးယူမှုများ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာ ရဲအာဏာပိုင်များထံသို့လည်း တွေ့ရှိချက်များကို ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
Ref: Thaiger
