သတိုး
၉. ၇. ၂၀၂၆
မဲခေါင်မြစ်လက်တက်များအတွင်း သတ္တုဓာတ်များ (Heavy metal) ကူးစက်ညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ တရုတ်သံတမန်ရေးရာရုံးများအရှေ့တွင် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရာ ထိုင်းပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို အသိအမှတ်ပြုကြောင်းနှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးတွဲစုံစမ်းစစ်ဆေးမှုကို ထောက်ခံကြောင်း တရုတ်နိုင်ငံက မနေ့က (ဇူလိုင် ၈ ရက်) တုံ့ပြန်ပြောကြားခဲ့သည်။
ကောက်မြစ် (Kok)၊ ဆိုင်မြစ် (Sai)၊ ရုအက်မြစ် (Ruak) နှင့် မဲခေါင်မြစ်ကြောင်းစနစ်များအတွင်း ကူးစက်ညစ်ညမ်းမှုများနှင့် ပတ်သက်၍ ဘန်ကောက်မြို့ရှိ တရုတ်သံရုံးနှင့် ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးတို့အရှေ့တွင် ထိုင်းနိုင်ငံသား အရပ်ဘက်အဖွဲ့အစည်းများ စုဝေးဆန္ဒပြခဲ့ကြပြီးနောက် တရုတ်ဘက်က ယခုကဲ့သို့ တုံ့ပြန်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယနေ့ (ဇူလိုင် ၉ ရက်) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က တရုတ်နိုင်ငံအနေဖြင့် ရေအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များနှင့် ဂေဟစနစ် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတို့တွင် ထိုင်းနိုင်ငံအပါအဝင် အခြားမဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံအကြား ဆက်သွယ်ညှိနှိုင်းမှုများ တိုးမြှင့်ရန်၊ အချက်အလက်များအပေါ် အခြေခံလျက် သိပ္ပံနည်းကျပြီး တာဝန်ယူမှုရှိသော ပုံစံဖြင့် စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးလုပ်ဆောင်ရန်နှင့် အဆိုပါပြဿနာကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးတိုင်ပင်မှုများမှတစ်ဆင့် ဖြေရှင်းသွားကြရန် တိုက်တွန်းခဲ့သည်။
ဘန်ကောက်မြို့ရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါမြစ်များသည် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံအကြား မျှဝေသုံးစွဲနေသည့် ရေအရင်းအမြစ်များ ဖြစ်သောကြောင့် ညစ်ညမ်းမှုဖြစ်ပွားရသည့် အရင်းအမြစ်ကို ဖော်ထုတ်နိုင်ရန်အတွက် အချက်အလက်များနှင့် အထောက်အထားများအပေါ် အခြေခံ၍ စစ်ဆေးရမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံအနေဖြင့်လည်း ထိုင်း၊ မြန်မာ နှစ်နိုင်ငံတို့နှင့်အတူ ပူးတွဲစုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လှုပ်ရှားတက်ကြွသူများနှင့် ဆန္ဒပြသူများ၏ အဆိုအရ ကောက်မြစ်၊ ဆိုင်မြစ်၊ ရုအက်မြစ်နှင့် မဲခေါင်မြစ်တို့ကို ထိခိုက်စေသည့် ညစ်ညမ်းမှုများသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ကိုင်နေသော ရွှေနှင့် မြေရှားဒြပ်စင် (Rare earth) တူးဖော်ရေး လုပ်ငန်းခွင်များမှ စီးဆင်းလာခြင်းဖြစ်ကြောင်း ပြောကြားထားပြီး၊ တရုတ်အစိုးရအနေဖြင့် ၎င်းတို့၏ ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများကို စနစ်တကျ ကြီးကြပ်ကွပ်ကဲပေးရန် တောင်းဆိုထားကြသည်။

ထို့အပြင် ဆန္ဒပြတောင်းဆိုသူများသည် ထိုင်းနိုင်ငံသို့ တင်သွင်းလာသည့် သတ္တုရိုင်းများ၏ မူလအရင်းအမြစ်ကို စိစစ်ရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ သတ္တုတူးဖော်ရေးနေရာများကို ပူးတွဲကွင်းဆင်းစစ်ဆေးရန်လည်း တောင်းဆိုခဲ့ကြသည်။
ထိုင်းကျန်းမာရေးတာဝန်ရှိသူများ၏ ယခင်ထုတ်ပြန်ချက်များတွင် ကောက်မြစ်အနီး နေထိုင်ကြသည့် ဒေသခံများထံတွင် အဆိပ်သင့် အာဆင်းနစ် (Arsenic) ဓာတ်များ တွေ့ရှိခဲ့ရကြောင်း ဖော်ပြခဲ့ဖူးသလို၊ ထိခိုက်မှုရှိနေသည့် ရေလမ်းကြောင်းများမှ ကောက်ယူခဲ့သော ရေနှင့် ငါးနမူနာများတွင်လည်း လေးလံသော သတ္တုဓာတ်များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။
မဲခေါင်မြစ်ဝှမ်းဒေသ၏ ဂေဟစနစ်ကို ကာကွယ်စောင့်ရှောက်ခြင်းသည် မြစ်ဝှမ်းဒေသရှိ နိုင်ငံအားလုံး၏ ဘုံအကျိုးစီးပွားနှင့် တာဝန်ရှိမှုဖြစ်ကြောင်းနှင့် ဒေသတွင်း ဂေဟစနစ်လုံခြုံရေးကို ကာကွယ်ရန်အတွက် ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များတွင် အခြားမဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ်ဘက်က ဖြည့်စွက်ပြောကြားခဲ့သည်။
Ref: Thaiger , Global Times
