သတိုး
၉. ၇. ၂၀၂၆
မတော်တဆမှု အဖြစ်များလှသဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသော ရာမာ ၂ (Rama II) လမ်းမပေါ်တွင် ယနေ့ ဇူလိုင် ၉ ရက် (ကြာသပတေးနေ့) တွင် အလုပ်လုပ်နေစဉ်အတွင်း ပိုင်ရိုက်သည့်သံငြမ်းစင်ပြိုကျပိမိသဖြင့် ဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးသွားခဲ့သည်။
JS100 ရေဒီယို၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖော်ပြချက်အရ အဆိုပါ မတော်တဆမှုသည် မွန်းလွဲ ၂ နာရီခန့်တွင် ရာမာ ၂ လမ်းမ၏ စမွတ်စခွန် မြို့ပြင်ထွက်လမ်း (Outbound lane)၊ ခလောင်လွန်တံတား (Khlong Luang bridge) ဂငယ်ကွေ့အနီးရှိ ကုမ္ပဏီတစ်ခု၏ ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပိုင်ရိုက်သည့်သံငြမ်းစင်ကြီးသည် အမျိုးသားလုပ်သားတစ်ဦးအပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ဘန်သိုရတ် (Bang Tho Rat) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးသမားများသည် ရုပ်အလောင်းကို စစ်ဆေးရန်၊ သက်သေအထောက်အထားများ ကောက်ယူရန်နှင့် မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။ ထို့အပြင် တာဝန်ရှိသူများသည် လမ်းပိတ်ဆို့မှု မရှိစေရန် သံငြမ်းစင်ကို ဖယ်ရှားပြီး ယာဉ်ကြောပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မတော်တဆမှုကြောင့် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လမ်းကို ယာယီပိတ်ထားခဲ့ရသဖြင့် မြို့ပြင်ထွက်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
အာဏာပိုင်များက ပြည်သူများအနေဖြင့် ထိုလမ်းပိုင်းကို ရှောင်ကွင်းသွားကြရန် မေတ္တာရပ်ခံထားသည်။ အကယ်၍ ထိုလမ်းမှ မဖြစ်မနေ ဖြတ်သန်းသွားလာရမည့်သူများအနေဖြင့်လည်း ဘေးကင်းလုံခြုံရေးအတွက် အထူးဂရုစိုက်မောင်းနှင်ကြရန်နှင့် တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်များကို အနီးကပ် လိုက်နာကြရန် တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံ အမြန်လမ်းမကြီးအာဏာပိုင်အဖွဲ့ (Expressway Authority of Thailand) ၏ အစီရင်ခံချက်အရ အမြဲတမ်းလိုလို ပြုပြင်တည်ဆောက်နေဆဲဖြစ်သော ရာမာ ၂ လမ်းမပေါ်တွင် ၂၀၁၉ ခုနှစ်ကတည်းက စတင်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် ပတ်သက်သည့် မတော်တဆမှုပေါင်း ၂,၅၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
civilengineer.org ဝက်ဘ်ဆိုက်၏ အချက်အလက်များအရ အဆိုပါ မတော်တဆမှု အရေအတွက်အတွင်း သေဆုံးသူ ၁၄၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁,၄၀၀ ကျော်အထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
Ref : Bangkok Post
