◾ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်မှုနဲ့အတူ အီရန်စစ်ပွဲ ပြန်လည်စတင်
၉.၇.၂၀၂၆
Translated by Htwe Ko Tun
ဟော်မုဇ်ရေလက်ကြားမှာ သွားလာနေတဲ့ စီးပွားဖြစ် သင်္ဘောသုံးစီးကို ဇူလိုင်လ ၇ ရက်က အီရန်ရဲ့တိုက်ခိုက်မှုအပေါ် လက်စားချေခြင်းလို့ပြောဆိုကာ အမေရိကန်စစ်တပ်က အီရန်နိုင်ငံတောင်ပိုင်းကို ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်မှုတွေ ဇူလိုင်လ ၈ ရက်မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာတွေက တောင်ပိုင်းဆိပ်ကမ်းမြို့တွေဖြစ်တဲ့ ဘန်ဒါအဘတ်စ်နဲ့ ဆီရစ်တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ရုပ်သံထုတ်လွှင့်မှု (IRIB) ကလည်း ဟော်မုဇ်ရေလက်ကြားရှိ အဘူမူဆာကျွန်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းပို့ခဲ့ပါတယ်။
ဒါ့အပြင် အီရန်တောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက် အရှေ့ဘက်ရှိ ချာဘာဟာရှိ ဆေးရုံတစ်ရုံကို ဒုံးကျည်တွေမှ ထွက်လာတဲ့ အစိတ်အပိုင်းတွေ ထိမှန်ခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
အီရန်နဲ့ ရက် ၆၀ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးတဲ့နောက် အမေရိကန်ရဲ့ အီရန်အပေါ် ၂၄ နာရီအတွင်း ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်တယ်လို့လည်း ဆိုရမှာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က သဘောတူညီချက်ဟာ “ပြီးဆုံး” ဒါမှမဟုတ် “အသက်မဝင်” ဖြစ်သွားပြီလို့ ပြောကြားခဲ့ပါတယ်။
ဒါကြောင့်လည်း ဖေဖော်ဝါရီလ ၂၈ ရက်မှာ စတင်ခဲ့ပြီး ဇွန်လ ၁၇ ရက်ကြမှ ရရှိခဲ့တဲ့ အီရန်စစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က တစ်လမပြည့်ခင်မှာဘဲ ပျက်ပြယ်ခဲ့ရပြီလို့ ဆိုရမှာပါ။
အမေရိကန်က ဇူလိုင်လ ၇ ရက်ညမှာ အီရန်တောင်ပိုင်းကို တိုက်ခိုက်မှုအသစ်တွေ ပထမအကြိမ် စတင်ပြုလုပ်ခဲ့တာပါ။ အီရန်ကလည်း ဘာရိန်းနဲ့ကာတာရှိ အမေရိကန်စစ်စခန်းတွေကို ဇူလိုင် ၈ ရက်မှာ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ကာတာနဲ့ ဘာရိန်း နှစ်နိုင်ငံစလုံးဟာ အမေရိကန်ရဲ့ အရေးပါတဲ့ စစ်ဘက်အဆောက်အအုံတွေ တည်ရှိရာနေရာဖြစ်ပါတယ်။ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်မှုတွေကိုတော့ ဇူလိုင်လ ၈ ရက်ညမှာ အမေရိကန်က ပြုလုပ်ခဲ့တာပါ။
ဇူလိုင်လ ၉ ရက် နံနက်မှာတော့ ဘာရိန်း ပြည်ထဲရေးဝန်ကြီးဌာနက မြို့တော် မနာမာမှာ လေကြောင်းတိုက်ခိုက်မှု ဥဩသံတွေ ထုတ်လွှင့်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အီရန်အပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုလှိုင်းသစ်ဟာ ဇူလိုင်လ ၇ ရက်က ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုထက် ပိုမိုများပြားမည်လို့လည်း အမေရိကန်အရာရှိတစ်ဦးက ဇူလိုင်လ ၈ ရက်ညနေပိုင်းမှာ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Ref-Reuters
