၉.၇.၂၀၂၆
Written by Linn Eain
အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံအတွင်းရှိ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းခရီးစဉ်များတွင် ဝန်ထမ်းကတ်ပြားပြရုံဖြင့် အခမဲ့ခရီးသွားလာနိုင်ရေးအား ဦးစားပေးအဆင့်အဖြစ် စတင်စီမံ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ နန္ဒာလှမြင့်က ဇူလိုင် ၈ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့တွင် မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါမေးမြန်းမှုကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြည်သူ့လွှတ်တော်သို့လာရောက်၍ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ နန္ဒာလှမြင့်က “နိုင်ငံ့ဝန်ထမ်းအချို့ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ တရားမဲ့ အကြမ်းဖက်သူများရဲ့ ခြိမ်းခြောက်မှု အခက်အခဲများကြားကနေပြီးတော့မှ ရဲဝံ့စွန့်စားစွာ မိမိတို့ရဲ့ လုပ်ငန်းခွင်များကို မစွန့်ခွာဘဲ တာဝန်ထမ်းဆောင်ခဲ့သူများလည်း အများအပြားရှိခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ အထက်ဖော်ပြပါ နိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်ဆောင်ရွက်ခြင်းဟာ လတ်တလော နိုင်ငံ့ဘဏ္ဍာငွေ ပိုမိုသုံးစွဲရမှာ ဖြစ်သော်လည်း ရရှိလာမယ့် ဝန်ထမ်းများရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အနာဂတ်အကျိုးရလဒ်နဲ့ စွမ်းဆောင်ရည်များဟာ များစွာပိုမို တိုးတက်လာလိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့်ပါတယ်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းများရဲ့ စိတ်ဓာတ်တက်ကြွစွာ နိုင်ငံ့တာဝန်များကို ပျော်ရွှင်ချမ်းမြေ့စွာ ထမ်းဆောင်နိုင်ရေး ရှေးရှုပြီးတော့မှ နိုင်ငံတော်အနေနဲ့ ပြန်တမ်းဝင်အရာရှိအောက် အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံအတွင်းရှိ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းခရီးစဉ်များမှာ ဝန်ထမ်းကတ်ပြားပြရုံနဲ့ အခမဲ့ ခရီးသွားလာနိုင်ရေးအား ဦးစားပေးအဆင့်အဖြစ် စတင်စီမံ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ရှိပါက မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်မှာ ဖော်ဆောင်ပေးနိုင်မည်ကို သိရှိလိုတဲ့ မေးခွန်းအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာဖြင့် မေးမြန်းအပ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့သည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများ စိတ်နှလုံးသာယာချမ်းမြေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရေး၊ ဝန်ထမ်းဘဝကို လေးစားတန်ဖိုးထားနိုင်ရေးနှင့် အခြားသူများက ဝန်ထမ်းများကို အားကျဂုဏ်ယူမှုများ ဖြစ်ပေါ်လာစေရေးအတွက် ဝန်ထမ်းများ၏ လက်ရှိအနေအထားကို တစ်ဆင့်ပြီးတစ်ဆင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဟု သုံးသပ်မိကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို အပိုထောက်ပံ့ကြေးများအား အခါအားလျော်စွာ တိုးမြှင့်ဆောင်ရွက် ချီးမြှင့်ခြင်းများကိုလည်း တွေ့ရှိနေရတာဖြစ်သည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်းလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ နန္ဒာလှမြင့်က ဆက်လက်ပြောကြားခဲ့သည်။
ထိုမေးမြန်းမှုအပေါ် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ဖြေကြားရာတွင် “ခရီးစရိတ်ခွင့်ပြုရာမှာတော့ ခရီးစရိတ်သည် ခရီးသွားသူ ဝန်ထမ်းအတွက် အမြတ်အစွန်း မဖြစ်စေရဟုဆိုတဲ့ မြန်မာနိုင်ငံ ခရီးစရိတ် နည်းဥပဒေ ၃၁ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန် ဝန်ကြီးဌာန အဖွဲ့အစည်းများကလည်း ကျပ်မတ်ဆောင်ရွက်ပေးရန် ဖြစ်ပါတယ်။ ထို့ပြင် တာဝန်ဖြင့် ခရီးသွားတဲ့ ဝန်ထမ်းများအတွက် ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ၇/၂၀၁၉ ရဲ့ ခွင့်ပြုချက်အရ ၁၀.၅.၂၀၁၉ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၉ ဖြင့် ခရီးသွားနေ့တွက်စရိတ်အား တစ်နေ့လျှင် ၄,၈၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ တည်းခိုစရိတ်နှုန်းထားများကို ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၁၁.၁၁. ၂၀၂၀ ရက်စွဲပါ စာဖြင့် ရာထူးအဆင့်လိုက်နှင့် မြို့နယ်၊ မြို့အလိုက် ခွဲခြား၍လည်းကောင်း သတ်မှတ်ခံစားခွင့်များကို မြန်မာနိုင်ငံခရီးစရိတ် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ခံစား ခွင့်ပြုလျက် ရှိပါတယ်။ သို့ဖြစ်ပါ၍ တာဝန်ဖြင့် ခရီးသွားလာရတဲ့ နိုင်ငံ့ဝန်ထမ်းများအတွက် ခရီးစရိတ်၊ နေ့တွက်စရိတ်၊ တည်းခိုစရိတ်များကို ဥပဒေနှင့်အညီ ခံစားခွင့်ပြုထားပြီး ဖြစ်တဲ့အတွက်ကြောင့် ပြန်တမ်းဝင်အရာရှိအောက် အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံအတွင်း ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ခရီးစဉ်များမှာ အခမဲ့ ခရီးသွားလာနိုင်ရေးအား နိုင်ငံတော်အစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ခရီးစရိတ်နှုန်းထားနှင့် ပတ်သက်၍ ယခင်နှုန်းထားဟောင်းအတိုင်း မဟုတ်ဘဲ ဒေသန္တရနှုန်းထားများဖြင့် ကုန်ကျမည့် ခရီးစရိတ်ကို ခံစားခွင့်ပြုလျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းဖြင့် ခရီးသွားလာခြင်းများအတွက် အမှန်ကုန်ကျစရိတ်ကို ပြန်လည်တင်ပြတောင်းခံလာပါက သက်ဆိုင်ရာ ဘဏ္ဍာရေးနှင့် သက်ဆိုင်ရာဌာန၏ သာမန်သုံးစွဲမှုမှ ကျခံပြီး ပြန်လည်ထုတ်ပေးခြင်းဖြစ်သည့်အတွက်ကြောင့် ထိုဝန်ထမ်းများ၏ ခရီးစရိတ်အား နိုင်ငံတော်မှ ကျခံပေးခြင်းပင်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ တာဝန်ဖြင့် ခရီးသွားလာရသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အခမဲ့ ခရီးသွားလာခွင့်ရသော သဘောသာဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ဖြေကြားခဲ့သည်။
ဆက်လက်၍ ဒေါက်တာ နန္ဒာလှမြင့်၏ ဆက်စပ်မေးခွန်းအပေါ် ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ထပ်မံဖြေကြားရာတွင် ခရီးစရိတ်မှာ ဒေသန္တရဈေးနှုန်းဖြင့်ပေးထားပြီးဖြစ်သည့်အတွက် ပြင်စရာမလိုဘဲ တည်းခိုစရိတ်နှင့် နေ့တွက်စရိတ်ကို ထပ်ဆင့် တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိ အနေအထားတွင် အမှန်တကယ် လိုအပ်ချက်အရ လိုအပ်လာပါက နိုင်ငံတော်၊ သက်ဆိုင်ရာဌာနများက စိစစ်သုံးသပ်ပြီးမှ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


