သတိုး
၉. ၇. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဇူလိုင် ၇ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည့် (၂၃) ကြိမ်မြောက် အိန္ဒိယ-မြန်မာ အမျိုးသားအဆင့် အစည်းအဝေး (23rd National Level Meeting) အပြီးတွင် နှစ်နိုင်ငံအကြား လုံခြုံရေး၊ ထောက်လှမ်းရေးနှင့် နယ်စပ်ညှိနှိုင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ရန် သဘောတူညီချက် ရရှိခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန (MHA) က ယနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး မစ္စတာ ဂိုဗင့် မိုဟန် (Govind Mohan) က ဦးဆောင်ခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ ဦးဆောင်ခဲ့သည်။

နှစ်ဖက်ကိုယ်စားလှယ်များသည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် လက်ရှိဖြစ်ပွားနေသော လုံခြုံရေးအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အပြန်အလှန် လုံခြုံရေးအကျိုးစီးပွားကို ဆန့်ကျင်သောအခြေအနေများအတွက် မိမိတို့နယ်မြေကို လွဲမှားစွာအသုံးပြုခြင်းမှ ကာကွယ်ရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။ ထို့ပြင် အကြမ်းဖက်မှု၊ သူပုန်ထမှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုကုန်ကူးမှု၊ ဂိုဏ်းဖွဲ့ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် ဆိုက်ဘာရာဇဝတ်မှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းသွားရန် ဆွေးနွေးခဲ့ကြသည်။
မျှဝေခံစားနေရသည့် လုံခြုံရေးစိန်ခေါ်မှုများကို ထိရောက်စွာ ဖြေရှင်းနိုင်ရေးအတွက် ထောက်လှမ်းရေး သတင်းအချက်အလက် ဖလှယ်မှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်၊ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များကို လုပ်ဆောင်ရန်လည်း သဘောတူညီခဲ့ကြသည်။
ထို့အပြင် နှစ်နိုင်ငံစလုံးသည် ဒေသတွင်း ဆက်သွယ်ရေးဆိုင်ရာ အရေးကြီးသည့် စီမံကိန်းကြီးများဖြစ်သော ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project) နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (India-Myanmar-Thailand Trilateral Highway) တို့ အမြန်ဆုံး ပြီးစီးအောင်မြင်ရေးအတွက် နီးကပ်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အိန္ဒိယအစိုးရဘက်က ၎င်းတို့၏ ‘အိမ်နီးချင်း ဦးစားပေးရေး’ (Neighbourhood First) မူဝါဒ၊ ‘အရှေ့မျှော်မူဝါဒ’ (Act East) နှင့် ဒေသတွင်းအားလုံး လုံခြုံရေးနှင့် တိုးတက်မှုအတွက် အပြန်အလှန်နှင့် ဘက်စုံမြှင့်တင်ရေးမူဝါဒဖြစ်သည့် MAHASAGAR တို့တွင် မြန်မာနိုင်ငံသည် အရေးပါသောနေရာတွင် တည်ရှိနေကြောင်း အလေးအနက် ပြောကြားခဲ့သည်။
ဤအစည်းအဝေးသည် နှစ်နိုင်ငံအကြား ရေရှည်တည်ရှိခဲ့သည့် ချစ်ကြည်ရေးနှင့် နီးကပ်သောမိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် အပြန်အလှန်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရန် နှစ်ဖက်စလုံး၏ သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုနိုင်ခဲ့သည်။
အစည်းအဝေးရလဒ်အပေါ် နှစ်ဖက်စလုံးက ကျေနပ်အားရမှုရှိကြပြီး လက်ရှိနှစ်နိုင်ငံယန္တရားများ၊ ပုံမှန်အပြန်အလှန်ထိတွေ့မှုများ၊ သင်တန်းအစီအစဉ်များနှင့် သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းတို့မှတစ်ဆင့် သက်ဆိုင်ရာအေဂျင်စီများအကြား လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
Ref : The Hindu & IE
