သက်တံ့
၉. ၇. ၂၀၂၆
လျှပ်စစ်ကား (EV) စျေးကွက်ထဲသို့ စတင်ဝင်ရောက်လာပြီးနောက် တရုတ်ပြည်မကြီးတွင် အမေရိကန် တက်စလာ (Tesla) ၏ အကြီးမားဆုံး ပြိုင်ဘက်များထဲမှ တစ်ဦးဖြစ်လာခဲ့သည့် စမတ်ဖုန်းထုတ်လုပ်သူ ရှောင်းမီ (Xiaomi) ကုမ္ပဏီသည် ပြည်တွင်းရောင်းအား ကျဆင်းလာမှုကို တုံ့ပြန်ရန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး (R&D) လုပ်ငန်းများကို နှစ်ဆတိုး လုပ်ဆောင်လျက်ရှိသည်။
ပေကျင်းအခြေစိုက် အဆိုပါ နည်းပညာဘီလူးကြီးက ၎င်းတို့အနေဖြင့် ‘Sky Nomad’ ဟု လူသိများသည့် Sport-Utility Vehicle (SUV) မော်ဒယ်သစ်အောက်တွင် ကားများကို တပ်ဆင်ထုတ်လုပ်ကာ ရောင်းချသွားမည်ဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၉ ရက်)တွင် ကြေညာခဲ့သည်။ လေ့လာဆန်းစစ်သူများ၏ အဆိုအရ အဆိုပါထုတ်ကုန်လိုင်းသည် လီအော်တို (Li Auto) နှင့် အိပ်စ်ပန် (Xpeng) ကဲ့သို့သော ပြည်တွင်းပြိုင်ဘက်များထံမှ စားသုံးသူများကို ဆွဲဆောင်နိုင်ရန်အတွက် ‘မောင်းနှင်မှုအကွာအဝေး တိုးမြှင့်ပေးနိုင်သည့် ဘက်ထရီနည်းပညာ’ (Extended-range battery technology) ကို အသုံးပြုလာဖွယ်ရှိကြောင်း သိရသည်။
“Sky Nomad ဟာ ထက်မြက်တဲ့ဉာဏ်ရည်၊ စွမ်းဆောင်ရည်စုံလင်မှုနဲ့ ကျယ်ဝန်းလှတဲ့ အတွင်းခန်းဖွဲ့စည်းမှုတွေ ပေါင်းစပ်ထားတဲ့ SUV လောကရဲ့ စံနှုန်းသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်”ဟု Xiaomi EV က လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သလို “ဒါဟာ ကွဲပြားခြားနားတဲ့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ရှောင်းမီရဲ့ ကားထုတ်လုပ်ရေး ကြိုးပမ်းအားထုတ်မှုတွေကို ပြသလိုက်တာ ဖြစ်ပါတယ်”ဟုလည်း ကြေညာခဲ့သည်။
၂၀၂၅ ခုနှစ်တွင် အမေရိကန်ကုမ္ပဏီ တက်စလာ၏ Model 3 ထက် ရောင်းအားသာလွန်သွားပြီးနောက် တရုတ်နိုင်ငံ၏ ပထမဆုံး “တက်စလာလူသတ်သမား” (Tesla Killer) ဖြစ်လာခဲ့သည့် ‘SU7’ ဆီဒန်ကား ထုတ်လုပ်သူ ရှောင်းမီသည် Sky Nomad အမှတ်တံဆိပ် ယာဉ်များတွင် မည်သည့်ဘက်ထရီနည်းပညာကို အသုံးပြုမည်ဆိုသည်ကိုမူ အတိအကျ ပြောကြားခြင်းမရှိသေးပေ။
သို့သော်လည်း လေ့လာဆန်းစစ်သူများနှင့် ကားအရောင်းကိုယ်စားလှယ်များက ပထမဆုံးအသုတ် ထွက်ရှိလာမည့် မော်ဒယ်များတွင် လိုအပ်သည့်အခါ ဘက်ထရီကို အားပြန်သွင်းရန်အတွက် လျှပ်စစ်ဓာတ်အား ထပ်မံထုတ်လုပ်ပေးနိုင်သည့် အင်ဂျင်ငယ် (Internal combustion engine) ပါဝင်သော Extended-range နည်းပညာကို အသုံးပြုလာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် ထုတ်လုပ်ခွင့်ပြုမည့် EV မော်ဒယ်စာရင်းအသစ်ကို ထုတ်ပြန်ခဲ့ရာ ထိုအထဲတွင် ရှောင်းမီမှ ထုတ်လုပ်မည့် Extended-range ဘက်ထရီသုံး မော်ဒယ်များ ပါဝင်နေသည်။ အဆိုပါစာရင်းဝင် မော်ဒယ်များသည် ထုတ်လုပ်မှု စတင်နိုင်ပြီဖြစ်ပြီး ယခုနှစ်ကုန်အထိ မော်တော်ယာဉ်ဝယ်ယူခွန် ကင်းလွတ်ခွင့်ကိုလည်း တစ်စိတ်တစ်ပိုင်း ရရှိမည်ဖြစ်သည်။

Extended-range EV အမျိုးအစားများသည် တစ်ကြိမ် အားသွင်းရုံဖြင့် ကီလိုမီတာ ၁,၀၀၀ (၆၂၁ မိုင်) ကျော်အထိ မောင်းနှင်နိုင်သော ကားများအဖြစ် သတ်မှတ်ထားသည်။
“ရှောင်းမီဟာ စမတ်ဖုန်းတွေနဲ့ EV ကားတွေကြောင့် သစ္စာရှိတဲ့ အမာခံပရိသတ် အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့ပြီး မော်တော်ယာဉ်စျေးကွက်မှာ အားကောင်းတဲ့ ပြိုင်ဘက်တစ်ဦး ဖြစ်လာခဲ့ပါပြီ” ဟု ရှန်ဟိုင်းအခြေစိုက် စက်မှုလုပ်ငန်းအချက်အလက် ပံ့ပိုးပေးသည့် CnEVPost ၏ တည်ထောင်သူ ဖိတ်ကျန်း (Phate Zhang) က ပြောကြားခဲ့သည်။ “ထုတ်ကုန်လိုင်းကို ပိုမိုချဲ့ထွင်လိုက်ခြင်းက ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်မှာ ၎င်းတို့ရဲ့ ဦးဆောင်မှုနေရာကို ပိုမိုခိုင်မာစေပါလိမ့်မယ်”ဟုလည်း ယင်းကဆိုသည်။
AlixPartners ၏ အာရှမော်တော်ယာဉ်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်းအဖွဲ့ အကြီးအကဲ စတီဖင် ဒိုင်ယာ (Stephen Dyer) ကလည်း ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်တွင် ထိပ်တန်းအမှတ်တံဆိပ်များက ကားဝယ်ယူသူအသစ်များကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သောကြောင့် စျေးကွက်ဦးဆောင်သူများနှင့် ကျန်ရှိနေသည့် အခြားကုမ္ပဏီများအကြား ကွာဟချက်မှာ ပိုမိုကျယ်ပြန့်လာလိမ့်မည်ဟု ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။
တရုတ်ခရီးသည်တင်ကားအသင်း (CPCA) ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်အစောပိုင်းတွင် တရုတ်ပြည်မကြီးစျေးကွက်သို့ စတင်ဝင်ရောက်ခဲ့သည့် ရှောင်းမီ၏ ပထမဆုံး လျှပ်စစ်ကားမော်ဒယ် ‘SU7’ ဆီဒန်ကားသည် ပြီးခဲ့သည့်နှစ်တွင် ရောင်းအား ၂၅၈,၁၆၄ စီးအထိ ရှိခဲ့ပြီး တက်စလာ Model 3 ၏ အရေအတွက် (၂၀၀,၃၆၁ စီး) ထက် ၃၀ ရာခိုင်နှုန်းနီးပါး ပိုမိုမြင့်မားခဲ့သည်။
လက်ရှိအချိန်တွင် ရှောင်းမီသည် လျှပ်စစ်ကားသီးသန့် (Pure Electric) အဖြစ် SU7 ဆီဒန်နှင့် YU7 SUV ဟူ၍ မော်ဒယ်နှစ်မျိုး ထုတ်လုပ်ထားသည်။
ကုမ္ပဏီသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် သုံးစွဲသူများထံသို့ ကားအစီးရေ စုစုပေါင်း ၁၈၅,၀၅၅ စီး လွှဲပြောင်းပေးနိုင်ခဲ့ရာ ယခင်နှစ် ကာလတူထက် ၁၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သော်လည်း အခြားပြိုင်ဘက်ကုမ္ပဏီများကြောင့် ရောင်းအားကျဆင်းခဲ့သလို ကုမ္ပဏီ၏ တစ်နှစ်တာလုံး ရောင်းအားတိုးတက်မှု ရည်မှန်းချက်ဖြစ်သည့် ၃၄ ရာခိုင်နှုန်းကိုမူ ပြည့်မီရန် လိုအပ်နေသေးသည်။ ရှောင်းမီသည် ၂၀၂၅ ခုနှစ်တွင် ကားအစီးရေ ၄၁၀,၀၀၀ ပေးပို့နိုင်ခဲ့ပြီး၊ ယခုနှစ်တွင် ကားအစီးရေ ၅၅၀,၀၀၀ ရောင်းချရန် ရည်မှန်းထားကြောင်း ဇန်နဝါရီလက ပြောကြားခဲ့သည်။
ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် HSBC ၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်တွင် တရုတ်ပြည်မကြီး၏ မော်တော်ယာဉ်စျေးကွက်ထဲသို့ မော်ဒယ်သစ်ပေါင်း ၁၅၆ မျိုး စံချိန်တင် ဝင်ရောက်လာမည်ဖြစ်ရာ ပြင်းထန်သောပြိုင်ဆိုင်မှုများကြောင့် စျေးနှုန်းစစ်ပွဲ (Price War) အသစ်တစ်ခု ထပ်မံဖြစ်ပွားလာနိုင်ပြီး လုပ်ငန်းကဏ္ဍ၏ အမြတ်အစွန်းရရှိနိုင်မှုအပေါ် စိုးရိမ်ပူပန်မှုများကို ပိုမိုမြင့်တက်စေလျက်ရှိသည်။
Ref : SCMP
