၇. ၅. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး ရေတိုဆောင်ရွက်မှုအနေဖြင့် ရာခိုင်နှုန်း ၈၀ ကျော်အထိ ပြုပြင်မွမ်းမံပြီးဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ယမန်နေ့က ပြုလုပ်သည့် ဥပ္ပါတသန္တိစေတီတော် ပြုပြင်မွမ်းမံရေး နည်းပညာအထောက်အကူပြုဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဥပ္ပါတသန္တိစေတီတော်ကြီး ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများအား မိုးရာသီမရောက်မီ ရနိုင်သမျှပြုပြင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ ၂၄ ရက်တွင် အဆိုပါစေတီတော်ကြီးသို့ သွားရောက်စစ်ဆေးစဉ် မှာကြားထားသည်။
ထို့ကြောင့် ဥပ္ပါတသန္တိစေတီတော်ပြုပြင်မွမ်းမံရေး နည်းပညာအထောက်အကူပြုဆပ်ကော်မတီ၏ အကြံပြုချက်မရမီ လိုအပ်သော ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်များကို ကြိုတင်ဝယ်ယူစုဆောင်းထားရန်၊ အချိန်နှင့် တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်နိုင်ရန် ဘိလပ်မြေ အိတ်တစ်သိန်း၊ အုတ်တစ်သိန်း၊ သဲကျင်း ၅၀၀၊ ကျောက်ကျင်း ၁,၀၀၀ စသည်ဖြင့် ဝယ်ယူစုဆောင်းထားရန် လိုအပ်ကြောင်း ပြီးခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဘိလပ်မြေအိတ် တစ်သိန်းစုဆောင်းထားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရေတိုဆောင်ရွက်မှုအနေဖြင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ကျောက်ပြားများ ၆၇,၅၀၀ ခန့်ခွာယူခဲ့ပြီး နှစ်ပေပတ်လည် ကျောက်ပြားအကောင်း ၂၂၆၀၀ ခန့် ရရှိကြောင်း၊ ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးကြောင်း သိရှိရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အက်ကွဲသွားသည့် နှစ်ပေပတ်လည် ကျောက်ပြားများကို တစ်ပေပတ်လည် ကျောက်ပြားများဖြင့် ပြန်လည်ဆယ်တင်အသုံးပြုနိုင်ရေး ပြုပြင်မွမ်းမံရေးလုပ်ငန်း ကော်မတီက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အက်ကွဲကြောင်းများအတွင်းသို့ မိုးရေဝင်ရောက်မှုမရှိစေရန် မိုးကာစများဖြင့် ဖုံးအုပ်ခြင်းလုပ်ငန်းကို ဧပြီ ၂၈ ရက်တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ရင်ပြင်တော်ပေါ်သို့တက်သည့် ဓာတ်လှေကားနှစ်စင်းသည် သက်တမ်းလွန် ဟောင်းနွမ်းနေပြီဖြစ်၍ အသုံးပြုခြင်းမပြုတော့သဖြင့် အသစ်ဝယ်ယူခြင်း သို့မဟုတ် ပြုပြင်တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဓာတ်လှေကားများမှ ရင်ပြင်တော်ပေါ်သို့ သွားသည့်လျှောက်လမ်းများ နိမ့်ကျနေမှုကို Structure အင်ဂျင်နီယာများဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်နေကြောင်း သိရသည်။
စေတီတော်လိုဏ်အတွင်း မိုးရေများစိမ့်ကျနေမှုနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်အရ စေတီတော်လိုဏ်အတွင်းရှိ ကွန်ကရစ်တိုင်များ ပျက်စီးခြင်းမရှိဘဲ မိုးရေယိုစိမ့်မှုကို တားဆီးနိုင်ရန် နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် နည်းပညာဆိုင်ရာအထောက်အကူပြုကိစ္စရပ်များကို အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။




