၇. ၅. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်အခြေစိုက် ထိုင်းစစ်တပ်သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ဖြစ်ပွားနေသော တပ်မတော်နှင့် မွန်၊ ကရင်၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု The Nation Thailand တွင် ဖော်ပြထားသည်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဖြစ်သော လတ်ယာစစ်ဆင်ရေးတပ်ဖွဲ့၏ အဆိုအရ မြန်မာ့တပ်မတော်နှင့် အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများသည် ဧပြီလ ၇ ရက်နေ့မှ စတင်ခဲ့သည်။ ဧပြီလ ၁၉ ရက်နေ့တွင် ဆန့်ကျင်ရေးအင်အားစုများသည် ထိုင်း-မြန်မာနယ်စပ်မှ ၁၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသော ပထမဆုံးသော ဗျူဟာမြောက် ကွပ်ကဲရေးစခန်းတစ်ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု The Nation Thailand က ဆိုသည်။
ထိုအောင်ပွဲနောက်ပိုင်းတွင် တပ်မတော်ကို ဆန့်ကျင်သော မွန်၊ ကရင်၊ PDF ပူးပေါင်းတပ်ဖွဲ့များသည် ၎င်းတို့၏ စစ်ဆင်ရေးများကို တိုးမြှင့်ခဲ့ပြီး ထိုင်းနိုင်ငံ၊ ဘန်ဖူးနမ်ရွန်နယ်စပ်ဂိတ်အနီးရှိ တပ်မတော်၏ အခြေစိုက်စခန်းများကို ဆက်တိုက် တိုက်ခိုက်ခဲ့သည်။
အခြေအနေများ တင်းမာလာမှုကြောင့် ကန်ချနဘူရီရှိ ဆူရာဆီတပ်ဖွဲ့နှင့် ထိုင်း-မြန်မာနယ်စပ်ဒေသ ကွပ်ကဲရေးဌာနတို့သည် ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း ဆူရာဆီ စစ်ဆင်ရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။
လတ်ယာစစ်ဆင်ရေးတပ်ဖွဲ့သည် အစိုးရအေဂျင်စီများ၊ ဒေသအာဏာပိုင်များနှင့် ပူးပေါင်း၍ အင်အားနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ တိုးမြှင့်ချထားခြင်း၊ ဘန်ဖူးနမ်ရွန်အနီး နယ်စပ်တစ်လျှောက် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများအပေါ် သက်ရောက်မှုများ လျော့ပါးစေရန်အတွက် ၂၄ နာရီပတ်လုံး စစ်ရေးစောင့်ကြည့်လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဆူရာဆီတပ်ဖွဲ့သည် နယ်စပ်အနီးရှိ အိမ်နီးချင်းနိုင်ငံများ၏ လေကြောင်းဆိုင်ရာ လှုပ်ရှားမှုများကို ထိုင်းတော်ဝင်လေတပ် (RTAF) နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း မတည်ငြိမ်မှုများကြားတွင် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။
Ref , The Nation Thailand


