၇. ၅. ၂၀၂၅
Written by Nyein Kyaw
ဆန်အသစ်များပေါ်လာသည့် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီနှင့်မေလတို့တွင် သင့်တင့်မျှတသော ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ရာတွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အကုန် မတ်လပိုင်းကထက် ဈေးနှုန်းများ ကျဆင်းခဲ့ပြီး ပြည်တွင်းစားဆန်တချို့ တစ်အိတ် ကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ အထိ ကျဆင်းလာခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်းဈေးနှုန်းအရ သိရသည်။
ယခု မေလအတွက် (၁၀၈) ပေါင်/ (၂၄)ပြည် ဆန်တစ်အိတ်ဈေးနှုန်း သတ်မှတ်ချက်အရ ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁ ၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် ၂၅ မှတ်၊ ၁၅ မှတ်၊ ၁၀- ၅ မှတ် ၅၀ ကီလိုဂရမ် တစ်အိတ် ကျပ် ၆၀,၀၀၀ မှ ကျပ် ၇၂,၀၀၀ အထိ သတ်မှတ်ကာ ပြီးခဲ့သည့် ဧပြီလတွင်လည်း အဆိုပါ ဈေးနှုန်းအတိုင်းသတ်မှတ်ထားသော်လည်း မတ်လနှင့် နှိုင်းယှဉ်ပါက တစ်အိတ်လျှင် ကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ အထိ ဈေးနှုန်းကျဆင်းခဲ့သည်။
ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသော အရည်သွေးအသင့်တင့်ရှိသော ဆန်အမျိုးအစား အဟောင်းတစ်အိတ်ကို ကျပ် ၇၈,၀၀၀ နှင့် အသစ်တစ်အိတ်ကို ကျပ် ၆၈,၀၀၀ သတ်မှတ်ထား၍ ပြီးခဲ့သည့် မတ်လထက် ကျပ် ၄,၀၀၀ ကျဆင်းခဲ့သည်။
မြန်မာပြည်အောက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအရည်သွေးကောင်းမွန်သည့် ပြည်တွင်းစားဆန် အမျိုးအစားများကိုလည်း ဆန်ဟောင်းတစ်အိတ် ကျပ် ၉၂,၀၀၀ နှင့် အသစ်တစ်အိတ် ကျပ် ၇၅,၀၀၀ သတ်မှတ်ကာ ဆန်ဟောင်းဈေးနှုန်းသည် ဧပြီလထက် ကျပ် ၁,၀၀၀ ကျဆင်းခဲ့ပြီး မတ်လထက် ကျပ် ၂,၀၀၀ ကျဆင်းခဲ့သည်။
မြန်မာပြည်အထက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအထူကောင်းမွန်သည့် ဆန်အမျိုးအစားများကိုမူ တစ်အိတ် ကျပ် ၁၃၃,၀၀၀ နှင့် ဆန်အသစ်အတွက် တစ်အိတ် ကျပ် ၁၂၀,၀၀၀ ဖြင့် မတ်လနှင့် ဧပြီလဈေးနှုန်းများအတိုင်း သတ်မှတ်ထားသည်။
ပြည်တွင်း၌ စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းဆန်အဟောင်းများကို တစ်အိတ် ကျပ် ၁၄၅,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ နှင့် ရွှေပေါ်ဆန်းအသစ်များအတွက် တစ်အိတ် ကျပ် ၁၃၀,၀၀၀ နှင့် ကျပ် ၁၃၅,၀၀၀ ဖြင့် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလများအတိုင်း သတ်မှတ်ထားသည်။
အခြားပေါ်ဆန်းဆန်အုပ်စုဝင် (ဧရာဝတီပေါ်ဆန်း၊ ပေါ်ကျွဲ) ဆန်ဟောင်းများကို တစ်အိတ် ကျပ် ၁၀၂,၀၀၀ နှင့် ဆန်အသစ် တစ်အိတ် ကျပ် ၉၀,၀၀၀၊ ပြည်တွင်းစားသုံးမှုများသည့် တောင်ပျံ/ဘေးကြားဆန်အဟောင်း တစ်အိတ် ကျပ် ၁၃၅,၀၀၀ နှင့် ဆန်သစ် တစ်အိတ် ကျပ် ၁၁၇,၀၀၀ မှ ၁၂၂,၀၀၀ ကြားဖြင့် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလများအတိုင်း သတ်မှတ်ထားသည်။
အလားတူ ဈေးအရောင်းစင်တာ (Super Market၊ Mini Market) များတွင် Consumer Packaging ဖြင့် ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကိုလည်း နိုဝင်ဘာလအတိုင်း သတ်မှတ်ပေးထားသည်။ ထို့ကြောင့် ဈေးကွက်အတွင်းရောင်းချရာတွင် အထက်ဖော်ပြပါ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများအပေါ် ၈ ရာခိုင်နှုန်းထက်မပိုသော၊ ဝန်ဆောင်စရိတ် ၃ ရာခိုင်နှုန်းထက်မပိုသော၊ သယ်ယူသိုလှောင်စရိတ် ၄ ရာခိုင်နှုန်းထက်မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ရောင်းချရန် သတိပေးထားသည်။




