◾ အိန္ဒိယဘက်က တရားဝင်တုံ့ပြန်ပြောကြားမှု တစ်စုံတစ်ရာမရှိသေး
၇.၅.၂၀၂၅.
Translated by Htwe Ko Tun
ပါကစ္စတန်လေတပ်က အိန္ဒိယရဲ့ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေပြီးနောက်မှာ အိန္ဒိယစစ်လေယာဉ်ငါးစင်းကို ပစ်ချခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်ကာကွယ်ရေးဦးစီးချုပ်က မေလ ၇ ရက် အစောပိုင်းမှာပဲ ပြောခဲ့ပါတယ်။
ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝေယာ အဆစ်ဖ်ကလည်း အိန္ဒိယစစ်တပ်ရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အနည်းဆုံး အိန္ဒိယလေတပ်က စစ်လေယာဉ်ငါးစင်းကို ပစ်ချခဲ့တယ်လို့ Geo TV အသံလွှင့်ဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။ အစောပိုင်းကတော့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အာမက်ရှရင်ဖ် ချောင်ဒရီက အိန္ဒိယလေတပ်လေယာဉ်နှစ်စင်းကို ပစ်ချခဲ့တယ်လို့ CNN သတင်းဌာနကို အတည်ပြုခဲ့ပါသေးတယ်။
ဒါပေမယ့်ဒီလို အိန္ဒိယစစ်လေယာဉ်တွေ ပစ်ချခြင်းခံရတယ်ဆိုတဲ့သတင်းတွေအပေါ် အိန္ဒိယအာဏာပိုင်တွေကတော့ လောလောဆယ်တစ်စုံတစ်ရာ တရားဝင်တုံ့ပြန်ပြောကြားမှုမပြုသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုမပြုမီ အစောပိုင်းကလည်း အိန္ဒိယစစ်တပ်က ပါကစ္စတန်နဲ့ ပါကစ္စတန်တို့ သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယားနယ်တို့အတွင်း မြို့အတော်များများကို ပစ်မှတ်ထားပြီး ဒုံးကျည်တိုက်ခိုက်မှု တွေလုပ်ခဲ့ပါသေးတယ်။ ချောင်ဒရီ ကတော့ အိန္ဒိယဟာ ဘာဟာဝါလ်ပူ၊ မူရစ်ကီး၊ မူဇတ်ဖ်ဖာရာဘတ်နဲ့ ကော့လီမြို့တွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ သူက တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံးလူရှစ်ဦးသေဆုံးကာ ၃၅ ဦးဒဏ်ရာရခဲ့ပြီး နှစ်ဦးပျောက်ဆုံးနေတယ်လို့ အတည်ပြုခဲ့ပါတယ်။
အိန္ဒိယလေယာဉ်တွေက ကက်ရှ်မီးယားဒေသထိန်းချုပ်ရေးမျဉ်းကြောင်းတစ်လျှောက် အိန္ဒိယနိုင်ငံ လေပိုင်နက်ကိုအသုံးပြုပြီး ပါကစ္စတန်ကိုတိုက်ခိုက်ခဲ့ကြတာလို့ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ အိန္ဒိယလေယာဉ်ငါးစင်းကို ပစ်ချနိုင်ခဲ့ရာမှာ ရာဖေးလ်ဂျက်သုံးစီး၊ မစ်-၂၉ တစ်စီးနဲ့ အက်စ်ယူ-၃၀ တစ်စီးတို့ပါဝင်တယ်လို့လည်း သူတို့က ပြောခဲ့ကြပါတယ်။
Ref- AA.com
