၇.၅.၂၀၂၅
Written By Thandar
မင်းသားပြေငြိမ်းရဲ့ ဖခင်ဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ကြီး ဒါရိုက်တာ ဦးမောင်မောင်မြင့် အသက် ၉၃ နှစ်ဟာ ဒီနေ့ မေလ ၇ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်က လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
“ဦးမောင်မောင်မြင့်ကတော့ ခုမနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ်က ဆုံးသွားတာပါ။ တကယ်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော့်တို့ ရုပ်ရှင်အစည်းအရုံးက ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း တစ်ခါသွားကြည့်ခဲ့ကြပါတယ်။ အဲ့အချိန်က တော်တော်လေး သက်သာပြီး စကားတွေပြောနေသေးတယ်။ ခုလည်း ကိုယ့်လောကသားတွေ ဆုံးရှုံးသွားတဲ့အတွက် ဝမ်းနည်းရပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေး ကြူလေးက MT Entertainment ကို ပြောပါတယ်။
သူကို ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက် အွန်လိုင်းပေါ်မှာ ဇရာကိုအံတုပြီးတော့ ရင်ဆိုင်ဖြတ်ကျော်နေတာကို တွေ့မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။ အသက်(၉၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ သရုပ်ဆောင် ဦးမောင်မောင်မြင့်က လူကြီးရောဂါကြောင့် သူချစ်တဲ့မိသားစုနဲ့ အနုပညာလောကကြီးကို စွန့်ခွာသွားခဲ့တာပါ။ အသက် ၉၃ နှစ်ရှိတဲ့ ဦးမောင်မောင်မြင့်ကတော့ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ လူကြီးရောဂါကို ခံစားနေခဲ့ရတာလည်း ဖြစ်ပါတယ်။ မိသားစုဝင်တွေကလည်း ချစ်ခင်စွာနဲ့ ပြုစုယုယနေတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင် ဦးမောင်မောင်မြင့်ဟာ သရုပ်ဆောင်ပိုင်း၊ ဒါရိုက်တာပိုင်းတွေအပြင် ကဗျာဆရာတစ်ယောက်အနေနဲ့ ပရိသတ်တွေ သိရှိထားခဲ့သလို မင်းသားပြေငြိမ်းရဲ့ ဖခင်လည်းဖြစ်ပါတယ်။
#မောင်မောင်မြင့် #MaungMaungMyint #UMaungMaungMyint #MyanmarActor #MyanmarCele #ပြေငြိမ်း #မင်းသားပြေငြိမ်း #ဦးမောင်မောင်မြင့်





