MT News
၇. ၅. ၂၀၂၅
ငလျင်ကြောင့် ပြိုကျပျက်စီးသွားသောဘုရားများပြုပြင်မွမ်းမံရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းက သီတဂူဆရာတော်ဘုရားကြီး၏ ဩဝါဒခံယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သီတဂူအဓိပတိဆရာတော်ဘုရားကြီးအား ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော် လာရောက်တွေ့ဆုံ ဖူးမျှော်ဂါရဝပြု ဩဝါဒခံယူမှုအပေါ် သီတဂူဆရာတော် ဓမ္မသဘင်က ဖော်ပြထားသည်။
ယခု မေလ ၂ ရက်နေ့က သီတဂူအဓိပတိဆရာတော်ဘုရားကြီးအား ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်မှ လာရောက်တွေ့ဆုံ ဖူးမျှော် ဂါရဝပြု ဩဝါဒခံယူခဲ့စဥ် ငလျင်ကြောင့် ပြိုကျပျက်စီးသွားသောဘုရားများပြုပြင်မွမ်းမံရန်အတွက် ဆရာတော်ဘုရားကြီး၏ ဩဝါဒခံယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဇော်ဇော်က လျှောက်ထားခဲ့သည်။
လက်ရှိတွင် စစ်ကိုင်း ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးရှိ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့် အပျက်အစီးများ ရှင်းလင်းခြင်းနှင့် စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို စက် ယာဉ်ယန္တရား၊ ကရိန်းများဖြင့် ဧရာဝတီဖောင်ဒေးရှင်းမှ စတင်တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ဘုရားစေတီ ၅၂၀၀ ကျော် ပျက်စီးခဲ့ရသည့်အပြင် လူနေအိမ် ၅၀၀၀၀ ခန့်၊ စာသင်ကျောင်း ၂၀၀၀ ကျော်၊ ဌာနဆိုင်ရာရုံးအဆောက်အဦ ၂၂၀၀ ခန့်အပြင် တံတား ၁၄၈ စင်း ပျက်စီးခဲ့ကြောင်းလည်း သိရသည်။







