၇. ၅. ၂၀၂၅
Written by Nyein Kyaw
MNA လေကြောင်းလိုင်းမှ ခရီးသည်လေယာဉ်သည် မန္တလေးလေဆိပ်မှ ပျံတက်ရန်ပြုလုပ်စဉ် မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၁၄၃ ဦးလည်း အန္တရာယ်ကင်းကြောင်း မြန်မာအမျိုးသားလေကြောင်း (MNA)မှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
မေလ ၆ ရက်(ယမန်နေ့) ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် မြန်မာအမျိုးသားလေကြောင်း(MNA) မှ ခရီးစဉ် UB – 812 အား Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာခဲ့ပြီး အဆိုပါလေယာဉ်သည် ခရီးသည် ၁၄၃ ဦး သယ်ဆောင်၍ ပျံတက်ရန်ပြုလုပ်နေစဉ် လေယာဉ်ပြေးလမ်းပေါ်တွင် ပုံမှန်မဟုတ်သော အချက်ပြမှုဖြစ်ပေါ်လာသဖြင့် လေယာဉ်မှူးမှ ပြေးလမ်းပေါ်တွင် ပျံသန်းမှု ရပ်တန့်ခြင်းပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ ပြုလုပ်စဉ် လေယာဉ်၏ Brake စနစ်ပူပြင်းမှုကြောင့် လေယာဉ်၏ ဘယ်ဖက်တာယာများ ပွင့်ထွက်လွင့်စင်မှု ဖြစ်ပေါ်ခဲ့ပြီး မီးတောက်ဖြစ်လာခဲ့သဖြင့် အချိန်မီငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ ကျန်ရှိသော လေယာဉ်ဘီးများ ကောင်းမွန်ပြီး လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးလမ်းပေါ်၌ ရပ်တန့်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လေယာဉ်ပေါ်တွင် ပါရှိသော လေယာဉ်အမှုထမ်းများ လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာဖြင့် လေဆိပ်နားနေဆောင်သို့ ပိုဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
MNA အနေဖြင့် အဆိုပါခရီးစဉ်တွင် ပါရှိသောခရီးသည်များအား ရန်ကုန်မြို့သို့ အစားထိုးလေယာဉ်များဖြင့် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်များ၏ လိုအပ်ချက်များအတိုင်း အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ခဲ့သည်။
အဆိုပါ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သတ်၍ MNA မှ ခရီးသွားမိဘပြည်သူများအား အနူးအညွတ်တောင်းပန်ထားပြီး ယခု မတော်တဆဖြစ်ပွားမှုကို မြန်မာအမျိုးသားလေကြောင်းအနေဖြင့် စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။




