၇. ၅. ၂၀၂၅
Written by Nay Moe
အရက်သောက်နေသော အမျိုးသားသုံးဦးကို ပျူစောထီးခေါင်းဆောင်ဟုဆိုကာ PDF နှစ်ဖွဲ့ပေါင်း၍ ယမန်နေ့က သတ်ဖြတ်လိုက်ကြောင်း မြိတ် PDF အဖွဲ့က ယနေ့တွင် ဝန်ခံချက် ထုတ်ပြန်လာသည်။
မြိတ် PDF သတ်ဖြတ်လိုက်သူများမှာ ပုလောကုန်းကျေးရွာနေ ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ကုလားနီ၊ ပလမြို့နေ ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ကျော်သူရ၊ အမှတ်(၂)ရပ်ကွက်၊ ပုလောမြို့နေ သန်းနိုင်ဆိုသူတို့ဖြစ်ပြီး ထိုသုံးဦးကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် မြိတ်ခရိုင်ပကဖ ပူးပေါင်းအဖွဲ့က သတ်ဖြတ်လိုက်ကြခြင်းဖြစ်သည်။
၎င်းတို့ (၃)ဦးသည် ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ဂိတ်ကြေးကောက်ခြင်း၊ လူငယ်များကို အတင်း အဓမ္မ စစ်မှုထမ်းစုဆောင်းခြင်းတို့ ပြုလုပ်ခဲ့သည့်အပြင် ပုလောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ပြည်သူပိုင်နေအိမ်များ ကို မီးရှို့ဖျက်ဆီးခဲ့သည့် အဓိကတရားခံများဖြစ်၍ ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဆန်းဝင်း၏ အရက်ဆိုင်တွင် ဝိုင်းဖွဲ့၍ အရက်သောက်နေစဉ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကျူးလွန်သည့် မြိတ် PDF က ဆင်ခြေပေးထားသော်လည်း ထိုစွပ်စွဲချက်များ မှန် မမှန် MT News က မြေပြင်အတည်မပြုနိုင်ဘဲ ကျူးလွန်သည့် PDF တို့၏ ရာဇဝတ်မှုကိုသာ ၎င်းတို့၏ ဝန်ခံချက်အရ ဖော်ပြခြင်းဖြစ်သည်။


