
၇ ၅. ၂၀၂၅
Written by Thettant
ဘာစီလိုနာအသင်းကို အဝေးကွင်းမှာတောင် ဦးဆောင်ဂိုးသုံးကြိမ်သွင်းယူခဲ့ပြီး ကံဆိုးလို့သာ Own Goal ပေးခဲ့ရတဲ့ အင်တာတို့ဟာ အိမ်ကွင်းဆန်စီရိုမှာတော့ ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်သွင်းယူသွားခဲ့တာပါ။
အင်တာတို့ဟာ ဒုတိယအကျော့ပွဲစဥ်အတွက် ၃-၅-၂ နဲ့ လူစုံသုံး ပွဲထွက်လာခဲ့ပြီး ဘာစီလိုနာတို့ကတော့ ၄-၂-၃-၁ နဲ့ ရင်ဆိုင်ခဲ့ကြပေမဲ့ လီဝမ်ဒေါစကီးက အရန်ခုံထိုင်ခဲ့ရပါတယ်။
ပွဲအစမှာတင်ပဲ နှစ်သင်းစလုံးက ဂိုးရဖို့ တင်ဆော့ခဲ့ကြတာ တွေ့ရပြီး ဘာစီလိုနာက ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုအသာရပေမဲ့ ဂိုးကန်သွင်းချက်ကတော့ ၆ ကြိမ်မှာ ၁ ကြိမ်ပဲ ဂိုးပေါက်တည့်ပြီး ဆွန်းမား ကာကွယ်နိုင်ခဲ့ပါတယ်။ အင်တာတို့က ဂိုးပေါက် ၈ ကြိမ်ကန်ပြီး ဆက်ဇနီတစ်ကြိမ်ပဲကာကွယ်နိုင်ခဲ့တာကြောင့် နှစ်ဂိုးရခဲ့တာပါ။ ကွန်ဒေးမပါနိုင်တဲ့ ဘာစီလိုနာခံစစ်ဟာ ကြောင်ပျောက်နေခဲ့သလို လမိုင်းယာမယ်အဖို့လည်း ကူကယ်ရာမဲ့နေရတာပါ။ အင်တာတို့ရဲ့ပထမဂိုးဟာ ဒီမာကိုရဲ့ သွက်လက်မှုနဲ့ ပေးပို့မှုကို ဒမ်ဖရီ ဖန်တီးပေးတာက ကပ္ပတိန် မာတီနက်စ်ကပဲ ပွဲကစားချိန် ၂၁ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ဒုတိယဂိုးဟာ ပင်နယ်လ်တီစည်းအတွင်းမှာ မာတီနက်စ်ကို ကူဘာစီ ဖျက်ထုတ်ရာမှာ ခြေထောက်အရင်ထိသွားလို့ Var Check ပြီး ပင်နယ်လ်တီပေးခဲ့တာကို ကယ်လ်ဟာနိုဂလူး ကန်သွင်းယူသွားခဲ့တာပါ။
ဒုတိယပိုင်းအစမှာ လူအိုတွေများတဲ့ အင်တာတို့ ခြေကျစပြုလာပေမဲ့ မာထန်နေတုန်းပဲ ရှိနေသေးပြီး ပွဲကစားချိန် ၅၁ မိနစ်မှာ တတိယဂိုး ဆက်သွင်းပေမဲ့ လူကျွံနေတာဟာ အင်တာကံဆိုးခဲ့တာပါ။ အဲဒီနောက်မှာ ပိုပြီး ရစ်သမ်မှန်လာတဲ့ ဘာကာကို အင်တာကစားသမားတွေ ခက်ခက်ခဲခဲကို ထိန်းနေပေမဲ့ ပွဲချိန် ၅၄ မိနစ်နဲ့ မိနစ် ၆၀ မှာ ဂျာရက်မာတင်မပေးတာကို ဂါစီယာက ပက်သွင်းခဲ့တာ၊ အိုလ်မိုက ခေါင်းတိုက်တာနဲ့ နှစ်ဂိုးဆက်သွင်းခဲ့တာပါ။

ဒီနေ့မှာ အင်တာနည်းပြ အင်ဇာဂီရဲ့ လူလဲပုံတွေက မေးခွန်းထုတ်ရမှာဖြစ်ပြီး ပထမဂိုးအစပြုပေးခဲ့တဲ့ ဒီမာကို၊ ဂိုးသွင်းပေးတဲ့ ကပ္ပတိန် မာတီနက်စ်ကို လူလဲခဲ့တာ အံ့ဩစရာဖြစ်ပြီး သူတို့ထုတ်အပြီးမှာ ကစားအားလည်း ကျသွားခဲ့တာပါ။ ပွဲကစားချိန် ၈၇ မိနစ်မှာ ရာဖင်ဟာက သူတို့အဖို့ တတိယဂိုးကို ဆွန်းမားပုတ်ထုတ်တာ တည့်တည့်ပြန်ရောက်လာလို့ နှစ်ဆင့်ကန် ဦးဆောင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ပို ၉၃ မိနစ်မှာ ဒန်ဖီရက် ဖန်တီးမှုကနေ အဆာဘီက ချေပဂိုးသွင်းယူသွားလို့ အချိန်ပိုကို ခရီးဆက်ကြရပါတော့တယ်။
နှစ်ဂိုးသွင်း ဦးဆောင်နေရာကနေ သုံးဂိုးဆက်အသွင်းခံရလို့ လူအိုတွေနဲ့ ပြည့်နေတဲ့ အင်တာတို့ အကျပိုင်းရောက်နေပေမဲ့ အဆာဘီရဲ့ သွင်းဂိုးနောက်မှာ အိမ်ကွင်းဆိုတဲ့အားမာန်နဲ့ ချန်ပီယံလိဂ်ဆိုတဲ့ ဖိုင်နယ်ကြောင့် စိတ်ဓာတ်ပြန်တက်ကြွလာပုံကိုလည်း မြင်လာရပြီး ပွဲချိန် ၁၁၄ မိနစ်မှာတော့ ကွင်းလယ်လူ ဖရတ်တီစီက ထရီမီဖန်တီးပေးလိုက်တဲ့ဘောလုံးကို ဘာကာနောက်ခံလူနှစ်ယောက် တားနေတဲ့ကြားက အပြင်းကန်သွင်းသွားခဲ့တာပါ။
ဒီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဟာ ကြည့်ကောင်းတာထက်ကို ပိုတဲ့ ပွဲလည်းဖြစ်ခဲ့ပြီး အင်တာမီလန်ဟာ ဘာစီလိုနာလို အကောင်းဆုံးအသင်းကို အကောင်းဆုံးယှဥ်ပြိုင်အနိုင်ယူခဲ့လို့ အခုအချိန်မှာတော့ ချန်ပီယံလိဂ်ဖိုင်နယ်ကနေ အိမ်ကွင်းမှာ PSG ကို တစ်ဂိုးရှုံးခဲ့တဲဲ့ အာဆင်နယ်တို့ မနက်ဖြန် ဒုတိယအကျော့မှာ ဘယ်အသင်း တက်လာမလဲဆိုတာ စင်ပေါ်က ထိုင်စောင့်နေပါပြီ။
