
၇. ၅. ၂၀၂၅
Written by Tha Doe
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်ရန်အတွက် ယနေ့နံနက် ၇ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း SAC ဥက္ကဋ္ဌသည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကို တက်ရောက်ခြင်း၊ အခမ်းအနားကို တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။





အလားတူ SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှသည် ရုရှားဖက်ဒရေးရှင်းကောင်စီ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko ၏ ဖိတ်ကြားချက်အရ SAC ဥက္ကဋ္ဌနှင့်အတူ တစ်ပါတည်းလိုက်ပါသွားပြီး ခရီးစဉ်အတွင်း ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်သွားမည်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အား SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ကောင်စီဝင်များ အဆင့်မြင့် တပ်မတော်အရာရှိကြီးများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာ ဘရွှေနှင့် ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ လိုက်ပါသွားကြောင်း သိရသည်။
မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတအပါအဝင် အခြားကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ မော်စကိုမြို့၌ ကျင်းပမည့် အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်မည်ဖြစ်သည့်အပြင် ရုရှားစစ်သားများနှင့်အတူ မြန်မာ့တပ်မတော် ကလည်း ရင်ပြင်နီတွင် စစ်ရေးပြချီတက်မည်ဖြစ်သည်။
မော်စကိုမြို့၌ မေလ ၉ ရက်တွင် ကျင်းပမည်ဖြစ်သော နာဇီဂျာမနီအပေါ် အောင်နိုင်မှုအခမ်းအနားသို့ တက်ရောက်မည့် နိုင်ငံ့ခေါင်းဆောင်များမှာ လတ်တလောကာလအထိ မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်၊ တရုတ်သမ္မတတို့အပြင် အဘ်ခါဇီးယား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဘီလာရုစ်၊ ဘရာဇီး၊ ဘူကီနာဖာဆို၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ မွန်ဂိုးလီးယား၊ ကျူးဘား၊ ပါလက်စတိုင်း၊ ဆက်ခ်ပစ်စကာ၊ ဆာဗီးယား၊ စလိုဗက်ကီးယား၊ တာခ်ဂျစ်စတန်၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ဂီနီယာဘီဆော၊ ဘော့ဇနီးယားနှင့် ဟာဇီဂိုဗီနာ၊ ဇင်ဘာဘွေ၊ ပါပူအာ နယူးဂီနီ၊ ကွန်ဂို၊ အီဂျစ်၊ လာအို၊ အီသီယိုပီးယား၊ ဆောက်အိုဆက်ရှား စသည့် နိုင်ငံနှင့် ဒေသ ၃၀ မှ ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်မည်ဟုလည်း သိရသည်။
