◾ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားရှစ်ဦး သေဆုံးပြီး ၃၅ ဦးဒဏ်ရာရခဲ့ဟု ပါကစ္စတန်ဝန်ကြီးပြော






၇.၅.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယလေတပ်က ပါကစ္စတန်နဲ့ ပါကစ္စတန်တို့ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်အတွင်းနေရာ အ တော်များများကို မေလ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေပြုခဲ့တယ်လို့ သိရပါတယ်။ ဗုံးကြဲမှုကြောင့် ကျယ်လောင်လှတဲ့ပေါက်ကွဲသံတွေလည်းကြားရပြီး ကက်ရှ်မီးယားနယ်အတွင်းက မူဇတ်ဖာရာဘတ်မြို့မှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။
အိန္ဒိယဘက်က အဆိုပါလေကြောင်းတိုက်ခိုက်မှုကို Sindoor စစ်ဆင်ရေးလို့အမည်ပေးခဲ့ပြီး ပါကစ္စတန် နိုင်ငံနဲ့ ပါကစ္စတန်တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်အတွင်း နေရာကိုးခုကိုတိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယအစိုးရက မေလ ၇ ရက်မှာပဲ ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဒီလေကြောင်း တိုက်ခိုက်မှုက ပြီးခဲ့တဲ့အပတ်က အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်အတွင်း ပါဟာလ်ဂမ်မြို့မှာ ခရီးသွား ၂၆ ဦးသေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တာလို့ ဆိုပါတယ်။
ပါကစ္စတန်ရဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးမရှိဘူးလို့တော့ ကြေညာချက်ကဆိုပါတယ်။
ကြေညာချက်အပြည့်အစုံမှာတော့ “အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအတွင်းမှာရှိတဲ့ အကြမ်းဖက်အခြေခံ အဆောက်အအုံကို ဆန့်ကျင်တဲ့ Operation Sindoor ခေါ် ဆင်ဒေါစစ်ဆင်ရေးကို ကြေညာလိုက်တယ်။ Operation Sindoor အတွင်းမှာ အိန္ဒိယစစ်တပ်က အိန္ဒိယနိုင်ငံကိုအကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ဖို့ စီစဉ်ခဲ့တဲ့ ဒါမှမဟုတ် ညွှန်ကြားခဲ့တဲ့ ပါကစ္စတန်နိုင်ငံနဲ့ပါကစ္စတန်တို့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်အတွင်း အကြမ်းဖက်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်။ စုစုပေါင်း ကိုးနေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်။”လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် “အိန္ဒိယနိုင်ငံရဲ့ လုပ်ဆောင်မှုတွေက အာရုံစူးစိုက်မှု၊ ချင့်ချိန်မှုနဲ့ အခြေအနေတင်းမာမှုကို ပိုမိုမြင့်တက်ခြင်းမရှိစေလိုတဲ့ သဘာဝရှိတယ်။ ပါကစ္စတန်စစ်တပ်အဆောက်အအုံတွေကို ပစ်မှတ်ထားမှု လုံးဝမရှိခဲ့ဘူး။ အိန္ဒိယအနေနဲ့ ပစ်မှတ်ရွေးချယ်တာနဲ့ တာဝန်ထမ်းဆောင်တာမှာ အရေးပါလှတဲ့သည်းခံထိန်းချုပ်မှုကိုပြသခဲ့တာလည်းဖြစ်တယ်။ အခုစစ်ဆင်ရေးဆောင်ရွက်ချက်ကလည်း ပါဟာလ်ဂမ်မြို့မှာ အိန္ဒိယ နိုင်ငံသားခရီးသွား ၂၅ ဦးနဲ့ နီပေါ နိုင်ငံသားတစ်ဦးတို့သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်တာဖြစ်တယ်။ ဒီအကြမ်းဖက် တိုက်ခိုက်ခဲ့မှုအတွက် တာဝန်ရှိသူတို့ တာဝန်ခံရမယ်ဆိုတဲ့ ကတိအတိုင်း အိန္ဒိယက ပြုမူဆောင်ရွက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး မူဟာမက်အီရှတ်ဒါ က လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားရှစ်ဦး သေဆုံးပြီး ၃၅ ဦးဒဏ်ရာရတယ်လို့ ပြောခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်း ပန်ဂျပ်ပြည်နယ်နဲ့ မြို့တော် အစ္စလာမ္မာဘတ်တို့မှာ ကျောင်းတွေပိတ်ထားတယ်လို့ သိရပါတယ်။
Ref- Hindustan Times, BBC
