


၂၇.၄.၂၀၂၅.
Translated by Htwe Ko Tun
ရုရှားနိုင်ငံရဲ့ထောက်လှမ်းရေး၊ လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအေဂျင်စီဖြစ်တဲ့ FSB က မော်စကိုမြို့အနီး၊ ဗလာရှီခါမြို့မှာ ရုရှားဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်တဲ့ ယာရိုဆလက်ဗ် မော့စ်ခါလစ်ခ်ကို ယူကရိန်းအစိုးရအမိန့်အတိုင်း ဧပြီလ ၂၅ ရက်က ကားဗုံးခွဲလုပ်ကြံခဲ့သူကို ဖမ်းဆီးမိခဲ့ပြီလို့ ဧပြီလ ၂၆ ရက်မှာပြောခဲ့ပါတယ်။
ရုရှားအစိုးရက အဆင့်မြင့်ရုရှားစစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့မှုမှာ ယူကရိန်းဘက်ကပါ ဝင်ပတ်သက်နေတယ်လို့ လုပ်ကြံဗုံးခွဲမှုအပြီးမှာပဲ ပြောခဲ့ပါတယ်။
FSB က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာမှာ ဖမ်းဆီးမိတဲ့ ယူကရိန်းထောက်လှမ်းရေးသမား အစ်နတ် ကူဇင်ဟာ ၁၉၈၃ ခုနှစ်မှာမွေးဖွားခဲ့ပြီး ယူကရိန်းမှာ နေထိုင်ခွင့်ပါမစ်ကိုင်ဆောင်ထားကာ ရုရှား ဗိုလ်ချုပ်ကြီးယာရိုဆလက်ဗ် မော့စ်ခါလစ်ခ်ကို လုပ်ကြံမှုမှာ မော်တော်ကားကို ဗုံးတွေ ထောင်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။
ကူဇင်က ဖောက်ခွဲရေးပစ္စည်းတွေကို မော်စကိုမြို့တော်ဒေသအတွင်း ယူကရိန်းတို့ရဲ့ လျှို့ဝှက်ထောက်လှမ်းရေး သိုလှောင်ရုံတစ်ခုမှ သယ်လာခဲ့ပြီး အဝေးထိန်းစနစ်နဲ့ ယူကရိန်းမှ ဖောက်ခွဲခဲ့တာလို့လည်း FSB က ပြောခဲ့ပါတယ်။
FSB က ထုတ်လွှင့်ပြသခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ကူဇင်ကို တောလမ်းတစ်နေရာမှာ ဗုံးအပိုင်းအစတွေနဲ့ အတူဖမ်းမိခဲ့တာတွေ့ရပြီး ကူဇင်ကလည်း ဝန်ခံမှုပြုခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းအစိုးရကတော့ ဒီဗုံးခွဲမှုနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ပြန်လည်ပြောကြားမှုမရှိသေးပါဘူး။
Ref-Moscow Times
