
၂၃. ၂. ၂၀၂၅
Written by Nay Moe
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာနယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်တွေ ဝင်တိုက်ချိန်မှာ အောင်မြင်မှုမရဘဲ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက တပ်ရင်းမှူး ဆရာကျောင်း အပါအဝင် PDF လေးဦး ကျည်ထိသေဆုံးသွားတယ်လို့ သိရပါတယ်။

ဖြစ်စဥ်က မနေ့က ဖေဖော်ဝါရီ ၂၂ ရက် ၁၁ နာရီခန့်မှာ တောင်သာမြို့နယ်၊ ရုံးစည်ကြီးနယ်မြေရဲစခန်းကို မြင်းခြံခရိုင် PDF တပ်ရင်းတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ အင်အား ၁၀၀ ကျော်က ရဲစခန်းပတ်လည်ကနေ အလစ်ချောင်းမြောင်းတိုက်ခိုက်ပေမဲ့ အောင်မြင်မှုမရဘဲ ရုံးစည်ကြီးရဲစခန်းပစ်ခတ်မှုနဲ့ လေကြောင်းပစ်ကူကြောင့် တပ်ရင်းမှူး ဆရာကျောင်း (ခ) ဇော်မျိုးတင့် အပါအဝင် လေးဦးသေဆုံးသွားတာလို့ ကနဦးသိရပေမဲ့ တိုက်ပွဲအခြေအနေအပြည့်အစုံကို PDF တွေဘက်က တရားဝင်ထုတ်ပြန်မှုမရှိသေးသလို သေသူလေးဦးကိုလည်း မြင်းခြံခရိုင် တပ်ရင်း (၃) နဲ့ တပ်ရင်း (၄)က PDF တွေလို့ပဲ PDF တစ်ဦးက အသိပေးထားပါတယ်။

“ယနေ့ ကျဆုံးသွားကြတဲ့ တပ်ရင်း ၃ နဲ့ ၄ က တပ်ရင်းမှူးဆရာကျောင်းနဲ့ ရဲဘော်အပေါင်းတို့ရေ လွတ်မြောက်ရာအရပ်ဆီမှာ ငြိမ်းချမ်းစွာ အနားယူပါတော့”လို့ PDF ထောက်ပို့ လှိုင်မိုးသူက ဝမ်းနည်းစကားဆိုထားသလို သေသူ PDF လေးဦးကိုလည်း ပုံတင်ထားတာ တွေ့ရပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က ရုံးစည်ကြီးရဲစခန်းက ရဲတပ်သားကျော်သောင်းနဲ့ ဇနီးဖြစ်သူတို့ စျေးထွက်ဝယ်ပြီးအပြန်လမ်းမှာ တောင်သာမြို့နယ် ပကဖ PDF တွေက စောင့်ဆိုင်းဖမ်းဆီးခဲ့သလို ဖေဖော်ဝါရီ ၈ ရက်မှာလည်း မြင်းခြံခရိုင် တပ်ရင်း (၃) က တိုက်ပွဲအခြေအနေကြောင့် မတ်လကုန်အထိ တောင်သာလမ်းပိုင်းကို ည ၆ နာရီကနေ မနက် ၆ နာရီအထိ အသွားအလာမလုပ်ဖို့ သတိပေးခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်မှာ မြင်းခြံခရိုင် တပ်ရင်းတွေပေါင်းပြီး ရုံးစည်ကြီးရဲစခန်းကို အငိုက်ဝင်တိုက်ပေမဲ့ မအောင်မြင်တဲ့အပြင် တပ်ရင်းမှူးအပါအဝင် အနည်းဆုံး PDF လေးဦးပါ သေဆုံးခဲ့ရတာပါ။

ပုံစာ။ ဖေဖော်ဝါရီ ၂၂ ရက် တိုက်ပွဲအတွင်းသေဆုံးသော မြင်းခြံခရိုင် တပ်ရင်း(၃) နှင့် တပ်ရင်း (၄) မှ သေဆုံး PDF များ မြင်ကွင်း။
