
၂၂.၂.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ တယ်လန်ဂါနာပြည်နယ်အတွင်း ဆောက်လုပ်ဆဲ ဥမင်လိုဏ်ခေါင်းတစ်ခု ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား အနည်းဆုံးခြောက်ဦးပိတ်မိနေနိုင်ကြောင်းသတင်းများ အရ သိရသည်။
တာဝန်ယူဆောက်လုပ်နေသော ကုမ္ပဏီက အလုပ်သမားအနည်းဆုံးခြောက်ဦးမှ ရှစ်ဦးအထိမှာ တာဝန်ထမ်းဆောင်နေကြစဉ် လိုဏ်ခေါင်းပြိုကျ၍ ပိတ်မိနေနိုင်သဖြင့် စိုးရိမ်နေရကြောင်းပြောခဲ့သည်။
တယ်လန်ဂါနာ ပြည်နယ်၊ နာဂါကာနူလ်ခရိုင်ရှိ ဆရီဆေလမ်ဆည်၏ လက်ဝဲဘက်တူးမြောင်း၌ ဆောက်လုပ်ဆဲ လိုဏ်ခေါင်းတစ်ခု၏အမိုးပြိုကျခဲ့ခြင်းဖြစ်ကြောင်းလည်း PTI သတင်းဌာနက ဖော်ပြခဲ့ သည်။
အလုပ်သမားများက လိုဏ်ခေါင်းအတွင်း ဝင်ရောက်အလုပ်လုပ်နေကြစဉ် ၁၂ ကီလိုမီတာမှ ၁၃ ကီလိုမီတာအထိရှိသော အကွာအဝေး၏ အမိုးပြိုကျခဲ့ခြင်းဖြစ်ကြောင်းလည်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
တယ်လန်ဂါနာပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ရာဗန့် ရက်ဒီက ထိုဖြစ်ရပ်အတွက် အထူးတုန်လှုပ်မိကြောင်းပြောခဲ့ပြီး ထိုသတင်းကိုရပြီးနောက် တာဝန်ရှိသူများအား သတိပေးနှိုးဆော်မှုပြုခဲ့သည်။ သို့သော် သတင်းထုတ်ပြန်ချက်တွင် အရေအတွက်မဖော်ပြသော်လည်းလူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အချင်းဖြစ်ပွားရာသို့ အမြန် သွားကြရန် သက်ဆိုင်ရာဌာနများအား ညွှန်ကြားခဲ့ကြောင်းလည်း သိရသည်။
Ref- Hindustan Times
