
ပုံစာ။ AAC ကို ထိုင်းအာဏာပိုင်များစစ်ဆေးမှု၊ AAC ဦးဆောင်သူ Ye Min အကောင့်တွင် တင်ထားသည့် လက်နက်ကိုင်ဆောင်လှုပ်ရှားမှုနှင့် ထောက်ပို့ပုံရိပ်အချို့ (Photo - Ye Min & Hla Khaing)
၁၉. ၂. ၂၀၂၅
Written by Nay Moe
KNU/ KNLA နဲ့ PDF အပါအဝင် လက်နက်ကိုင်တွေကို ဆက်နွှယ်ထောက်ပို့လုပ်နေတဲ့ ကိုရဲမင်း ဦးဆောင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးလှုပ်ရှားတဲ့ AAC (Aid Alliance Committee) ကို မနေ့ကစ ပိတ်သိမ်းဖို့ ထိုင်းအစိုးရက ညွှန်ကြားလိုက်ပြီဖြစ်ပါတယ်။



“ကျနော်ရယ် ဦးခိုင်ရယ် ကိုကိုနိုင်ရယ် ဦးဆောင်ပြီး ထိုင်းရောက်မြန်မာလုပ်သားတွေရဲ့ လုပ်အား၊ ငွေအားတွေနဲ့ တည်ဆောက်ခဲ့ရတဲ့ ထိုင်းရောက်မြန်မာလုပ်သားဒုက္ခသည်များစွာရဲ့ ခိုလှုံရာ AAC ဂေဟာကြီး ဒီနေ့မှာ ထိုင်းအာဏာပိုင်အဖွဲ့စုံက ဝင်ရောက်စစ်ဆေးပိတ်သိမ်းခိုင်းတယ်ဆိုတော့ ကျနော့် ရင်ထဲမှာ ဘယ်လိုမှ ခံစားမနိုင်ဘူး ကျနော်တို့က ထိုင်းကို အားကိုးနေရတာမို့လား…..” လို့ AAC ဦးဆောင်သူ ကိုရဲမင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားအရေးလုပ်ဆောင်တဲ့ အလုပ်သမားအဖွဲ့တွေအပါအဝင် ပရဟိတကူညီရေးအဖွဲ့ ဆယ်နဲ့ချီရှိနေပေမဲ့ ထိုင်းအစိုးရက စိစစ်ပိတ်သိမ်းခိုင်းရာမှာတော့ ကိုယ်တိုင်လည်း လက်နက်ကိုင်ထားသလို NUG,PDF နဲ့ KNU/KNLA ကို ဆက်နွှယ်နေတဲ့ AAC စင်တာတစ်ခုကိုပဲ တရားမဝင်တာ၊ ခွင့်ပြုချက်မရှိ ဆောက်ထားတာ၊ လူအများအပြားစုဝေးနေတာကြောင့် မနေ့က လာရောက်စစ်ဆေးအပြီးမှာ လက်နက်ကိုင်အကြမ်းဖက်မှုနဲ့ ဆက်နွှယ် ပိတ်သိမ်းခိုင်းတဲ့အခြေအနေဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။



“သူက အရင်တုန်းက လုပ်သားအရေးသီးသန့်လုပ်တာပေါ့။ နောက်တော့ ၂၀၂၁ ကစ သူက လက်နက်ကိုင်တာ၊ ထောက်ပို့လုပ်တာ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်နွှယ်တာ၊ သတ်ဖို့ဖြတ်ဖို့ သူ့အကောင့်က Live လွှင့်တာတွေ လုပ်လာတာကို ထိုင်းအာဏာပိုင်တွေက လက်မခံကြဘူး။ သူ့ရုံးမှာလည်း ထိုင်းရောက် PDF တွေက မှီခိုနေရင်း များနေတာ။ ဒါကြောင့် အခုလို ကျားဖြန့်နှိမ်နင်းနေတဲ့ကာလ၊ နိုင်ငံခြားသားတွေကို အထူးစောင့်ကြည့်တဲ့ကာလမှာ လက်နက်ကိုင်ထောက်ပို့လုပ်နေတဲ့ သူ့ AAC ကိုပဲ ပိတ်သိမ်းခိုင်းတာပါ။ တခြားအလုပ်သမားအရေး၊ ပရဟိတအဖွဲ့တွေက ပိတ်ခိုင်းတဲ့အထဲ မပါပါဘူး”လို့ ထိုင်းနိုင်ငံအရောက် မြန်မာလုပ်သားတွေကို ကူညီတဲ့အဖွဲ့တစ်ခုမှာ ပါဝင်သူက AAC ကို ပိတ်သိမ်းမှုအပေါ် သူသိရတဲ့အခြေအနေကို ပြောပါတယ်။
AAC ကိုရဲမင်းဟာ KTNA ရဲ့ ဆင်ဖြူစစ်ကြောင်းမှူး ဗိုလ်စလုံးနဲ့ သတ်ဖို့ဖြတ်ဖို့အထိ ရောက်ခဲ့တဲ့ စကားစစ်ထိုးပွဲတွေ၊ CDM ဗိုလ်မှူးဟိန်းသော်ဦးကို သတ်ဖြတ်တယ်လို့ ပြောဆိုခံရမှုတွေနဲ့ AAC ရုံးမှာ PDF တွေနဲ့ ထောက်ပို့တွေကို လူ ၁၀၀ လောက်အထိ လက်ခံထားတာကလည်း ထိုင်းအာဏာပိုင်တွေ မျက်စိစပါးမွှေးစူးစေတဲ့လုပ်ရပ်ဖြစ်ခဲ့တာလို့ ထိုင်းရောက် မြန်မာအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။



ပုံစာ။ AAC ကို ထိုင်းအာဏာပိုင်များစစ်ဆေးမှု၊ AAC ဦးဆောင်သူ Ye Min အကောင့်တွင် တင်ထားသည့် လက်နက်ကိုင်ဆောင်လှုပ်ရှားမှုနှင့် ထောက်ပို့ပုံရိပ်အချို့ (Photo – Ye Min & Hla Khaing)