၁၉.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့မှာ ယူကရိန်းအရေးနဲ့ပတ်သက်လို့ လေးနာရီကျော်ကြာ တွေ့ဆုံခဲ့ကြရာမှာ အခြေခံအချက်လေးရပ်ကို သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန်ဘက်က နိုင်ငံခြားရေးဝန်ကြီး ရူဘီအို ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ရုရှားဘက်ကလည်း နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်နဲ့ သမ္မတရဲ့လက်ထောက် ယူရီ ယူရှာ ကော့ဗ်တို့ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
သဘောတူခဲ့ကြတဲ့အချက်တွေမှာ အမေရိကန်နှင့် ရုရှားအကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့နဲ့ ပုံမှန်အတိုင်း လည်ပတ်ဆောင်ရွက်ဖို့၊ ယူကရိန်းစစ်ပွဲမှာ ပါဝင်နေသူအားလုံး လက်ခံနိုင်မယ့် ပဋိပက္ခအဆုံးသတ်ရေးအတွက် နှစ်ဖက်အဆင့်မြင်အဖွဲ့တွေ တွေ့ဆုံသွားဖို့၊ ယူကရိန်းစစ်ပွဲပြီးဆုံးမှုမှ ထွက်ပေါ်လာနိုင်တဲ့ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေဆန်းစစ်သွားကြဖို့နဲ့ အပြုသဘောဆောင်တဲ့နည်းလမ်းအတိုင်း ဆောင်ရွက်နိုင်ဖို့ သေချာစေရေးအတွက် ဒီလုပ်ငန်းစဉ်ကို အမြဲထိတွေ့သွားကြဖို့တို့ ပါဝင်တယ်လို့သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကလည်း ဆွေးနွေးပွဲက အလွန်စိတ်ကျေနပ်စရာကောင်းပါတယ်လို့ ဆွေးနွေးပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးကတော့ ယူကရိန်းက ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကို ဂရုပြုမှာမဟုတ်ဘူးလို့ပြောခဲ့ပြီး ယူကရိန်းမပါတဲ့ ဘယ်သဘောတူညီချက်ကိုမှ လက်မခံဘူးလို့လည်း ဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကတော့ ဇယ်လန်စကီး အနေနဲ့ ယူကရိန်းစစ်ပွဲကို တဖန် ပြန်မစတင်သင့်တော့ဘူးလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
Ref -CNN
