
၁၉.၂.၂၀၂၅
Photo by Thiri
ဗဂျီအိမ် ဆိုတာက ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွေကတည်းက တည်ရှိနေခဲ့တဲ့ သက်တမ်းရင့် စာပေအဝန်းအဝိုင်းတစ်ခုပါ။ အဲဒီအချိန်ကတော့ အသက်နှစ်ဆယ်စွန်းစ စာပေကို ချစ်မြတ်နိုးတဲ့ လူငယ်တွေ စုစည်းတည်ထောင်ခဲ့တာပါ။ အခုလက်ရှိအချိန်အထိလည်း ဗဂျီအိမ်က ခေတ်မီ ခေတ်ပေါ်နည်းပညာတွေကို အမှီလိုက်ပြီး လူငယ်တွေ စာဖတ်နိုင်ဖို့ ကြိုးပမ်းပေးနေတုန်းပါပဲ။
ဗဂျီအိမ်ကစုစည်းပေးထားတဲ့ အင်တာနက်အသုံးပြု Library Application တွေ လူမှုကွန်ယက်ပေါ်က Page တွေ ၊ နောက်ပြီး Website တွေ ဒါတွေကိုလည်း နည်းပညာနဲ့ နီးစပ်တဲ့ လူငယ်တွေ အသုံးချလို့ရအောင် ပြုလုပ်ပေးထားသလို ပေါ့ပေါ့ပါးပါးနဲ့ စာရွက်တွေထိတွေ့ဖတ်ရှု့တာကလည်း နည်းပညာတွေကနေ မပေးနိုင်တဲ့ နှစ်သက်စရာ စိတ်ခံစားချက်တစ်မျိုးပါပဲ။ စာရွက်အသစ်တွေရဲ့အနံ့ ၊ စာအုပ်အဟောင်းတွေကနေရနိုင်တဲ့ မှိုစွဲနေတဲ့ စက္ကူအနံ့ ဒါတွေက စာအုပ် တစ်အုပ် ကိုင်တွယ်ဖတ်ရှု့ရင်းကသာ ရရှိနိုင်တဲ့ ပြင်ပ ခံစားချက်တစ်ခုပါ။





ဒီနေ့ ခေတ်မှာတော့ မဖွံ့ဖြိုးသေးတဲ့ ကာလတစ်ခုက အခြေအနေတွေကို နောက်ပြန်ဆွဲ တမ်းတပုံဖော်နေတာမျိုး ဗဂျီအိမ်မှာ မတွေ့ရပါဘူး။ သူအဓိကပေးချင်တဲ့ အရာက ခေတ်လူငယ်တွေ စာဖတ်စေဖို့ပါ။ ရပ်ကွက်စာအုပ်အငှားဆိုင်ငယ်တွေ ခေတ်ကုန်ပြီဆိုတာ ဦးဆောင်သူက ကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့် ရွေ့လျားစာကြည့်တိုက်ဆိုပြီး ပုံဖော်လိုက်ပါတယ်။ ကိုယ်တိုင် စုဆောင်းချင်ရင် ဝယ်ယူ ဖတ်ရှု့လို့ရသလို၊ ဗဂျီအိမ်ကနေ အခမဲ့လည်း ငှားယူဖတ်ရှု့လို့ရပါတယ်။စာအုပ်ငှားရင် အချိန် နှစ်ပတ်ပေးပါတယ်။ နှစ်ပတ်အတွင်း ပြန်အပ်၊ ပြန်ငှားပိုက်ဆံ တစ်ကျပ်မှ မကုန်ပါဘူး။ စည်းကမ်းမရှိ ရက်ကျော်တာ ၊ ခရီးလွန်လို့ ရက်ကျော်တာမျိုးဆိုရင်တော့ ဒဏ်ကြေးပေးရပါမယ်။
ရွေ့လျားဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုရာမှာတော့ စာဖတ်ဖို့နေရာတစ်ခုထဲကို ပုံသေသတ်မှတ်တာမျိုးက လူငယ်တွေကို မဆွဲဆောင်နိုင်လို့ပါပဲ။ ငှားသွားပြီးကြိုက်တဲ့နေရာမှာ ဖတ်ရှု့ပါ။ စာကြည့်တိုက်မှာ ထိုင်ဖတ်မှ၊ ကိုယ်တိုင်ဝယ်ဖတ်မှ၊ စာဖတ်ဖို့ ငွေကုန်ကြေးကျရှိမှဆိုတာတွေကို ဘေးဖယ်ထုတ်ပြီး အဓိက က စာဖတ်နိုင်ဖို့နဲ့ စာဖတ်နေဖို့က ဗဂျီအိမ်ရဲ့ စိတ်ကူးတစ်ခုပဲဖြစ်ပါတယ်။
ဗဂျီအိမ်မှာ သုတ၊ ရသ၊ သမိုင်း၊ ဘာသာစကားလေ့လာစရာစာအုပ်တွေအပြင် တက်ကျမ်းတွေ၊ စွယ်စုံကျမ်းတွေ၊ နောက်ပြီး ခေတ်ဟောင်းစာပေတွေကအစ စုစည်းထားလို့ ကြိုက်နှစ်သက်ရာကို ငှားယူလေ့လာဖတ်ရှု့နိုင်မှာပါ။ ဗဂျီအိမ်တည်ရှိနေတဲ့နေရာက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာ ပထမထပ် Art Space ရပ်ဝန်းမှာဖြစ်ပါတယ်။