
၁၈. ၂. ၂၀၂၅
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကမ္ဘာ့အမွေအနှစ်ဒေသပုဂံရှေးဟောင်း နယ်မြေမှာ ပုဂံရဲစခန်းက ဆိုင်ကယ်စီးနင်းလာတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို PDF တွေက အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီးတစ်ဦးက ဒဏ်ရာနဲ့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ် ဇန်နဝါရီ ၅ ရက်မှာ ပုဂံ PDF တွေဟာ ပုဂံရှေးဟောင်းနယ်မြေမှာ တိုက်ပွဲဖော်ဆောင်တော့မယ်လို့ ကြေညာပြီးကတည်းက ပုဂံဒေသမှာ လုယက်သတ်ဖြတ်မှုတွေ လုပ်ဆောင်လာတာဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက် ၉ နာရီခန့်အချိန်မှာတော့ ပုဂံရဲစခန်းက ဒုရဲအုပ် ဝါဝါထွန်း ဦးစီးပြီး ရဲတပ်ကြပ် ခင်မောင်မြင့်၊ ရဲတပ်သား ရီဝေဦးတို့ တရားရုံးထုတ် သွားရောက်ဖို့ ဆိုင်ကယ်စီးနင်းပြီး ထွက်လာချိန်မှာ PDF တွေရဲ့ အလစ်အငိုက် တိုက်ခိုက်မှုကို ကြုံလိုက်ရတာဖြစ်ပါတယ်။
ဖြစ်စဥ်မှာ ရုံးထုတ်ဖို့ ရဲတပ်သား ရီဝေဦး မောင်းနှင်ပြီး ရဲတပ်ကြပ် ခင်မောင်မြင့် လိုက်ပါလာတဲ့ ဆိုင်ကယ်က အရှေ့က မောင်းနှင်ပြီး ဒုရဲအုပ် ဝါဝါထွန်း စီးနင်းလာ တဲ့ဆိုင်ကယ်က အနောက်က မောင်းနှင်လာချိန် အလိုတော်ပြည့်ဘုရားအနီး အရောက်မှာ ကားတစ်စီးပေါ်ကနေ ပစ်ခတ်ခံလိုက်ရတာဖြစ်ပြီး အဖြူရောင် HondaFit ကားတစ်စီးဟာ ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ဆိုင်ကယ် ၂ စီးကို ကျော်တက်ကာ လမ်းရဲ့ ညာဘက်ခြမ်းမှာ ရပ်တန့်ပြီး သေနတ်အရှည်တွေနဲ့ ဝိုင်းပြီး ပစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် ခင်မောင်မြင့်ဟာ မေးရိုး၊ ပုခုံး၊ ပေါင်၊ ခြေသလုံး၊ နံရိုး၊ လက်မောင်း စတဲ့ ခန္ဓာကိုယ်အနှံ့ ကျည် ၇ ချက်ခန့် ထိမှန်ခဲ့သလို ရှေ့ကမောင်းနှင်သူ ရဲတပ်သား ရီဝေဦးက ပုခုံး၊ လည်ပင်းအောက်ရင်အုံ၊ ဝဲယာရင်အုံ၊ လက်မောင်း၊ နောက်ကျော စတဲ့နေရာတွေမှာ ကျည်ဖောက်ဝင်ဖောက်ထွက်ဒဏ်ရာ ၁၄ ချက်ခန့်ရရှိပြီး နေရာတင်သေဆုံးသွားခဲ့ကြပေမဲ့ နောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ လိုက်ပါလာတဲ့ ဒုရဲအုပ်ဝါဝါဦးကတော့ ဒဏ်ရာအချို့နဲ့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုင်ဆောင်တဲ့ MA-13 တစ်လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀၀ တောင့်နဲ့ BA-63 ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁ဝဝ တောင့်တို့ကိုလည်း PDF တွေက ယူဆောင် ထွက်ပြေးသွားကြတယ်လို့ သိရပြီး ဒီဖြစ်ရပ်ကို PDF တွေ ကျူးလွန်ကြောင်းသာ သတင်းထုတ်ပေမဲ့ ဘယ် PDF အဖွဲ့ကမှ လတ်တလော ဝန်ခံကြမှုမရှိသေးသလို တာဝန်ရှိသူတွေကလည်း တရားခံဖမ်းဆီးနိုင်မှုမရှိသေးဘဲ စစ်ဆေးစိစစ်နေဆဲလို့ သိရပါတယ်။