




၁၆.၂.၂၀၂၅
Written By Thandar
မြန်မာတိုင်းရင်းသား အသီးသီးရဲ့ သနပ်ခါးကို လိမ်းခြယ်တဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းမြှင့်တင်နိုင်ဖို့နဲ့ UNESCO ကို ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းရေးအတွက် အထောက်အကူဖြစ်စေဖို့အတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပခဲ့တဲ့ “သွေးချင်းစုံလင် သနပ်ခါးသဘင် ပွဲတော်” မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေကို ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ရှိ My Garden မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ လက်ရှိမှာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ” UNESCOရဲ့ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (The Representative List of The Intangible Cultural Heritage of Humanity) မှာ စာရင်းဝင်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ သနပ်ခါးကို ကျောက်ပျဉ်နဲ့ သွေးပြီးလိမ်းရတဲ့ ဓလေ့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မတ်လကုန် မတိုင်ခင် ၁၀ မိနစ်စာ Documentary နဲ့အတူ တင်သွင်းဖို့ ဆောင်ရွက်ရပါတယ်” လို့ မြန်မာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဌေးလင်းက ပြောပါတယ်။
ဒီအခမ်းအနားမှာ ပါဝင်ယှဉ်ပြိုင်ခဲ့မှု ဗွီဒီယိုမှတ်တမ်းတွေကို ပြသခဲ့ပြီးတော့ ဒီပွဲတော်မှာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပံ့ပိုးကူညီသူများအား ဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။
အဲဒီနောက် ရွှေတံဆိပ် ၈ ဆုရှင် ဦးရဲဝင့်လှိုင်က ရတနာပုံတေးသီချင်းကို စောင်းနဲ့ဖျော်ဖြေခဲ့ပြီး သွေးချင်းစုံလင် သနပ်ခါးသဘင်ပွဲတော်မှာ “မှုံနံ့သာခြယ်လို့ ကမ်းပါမယ်” ခေါင်းစဉ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်တွေအသင်းက ပြိုင်ပွဲဝင်တွေကို ဂုဏ်ပြုငွေနဲ့ ဂုဏ်ပြုလက်မှတ်တွေပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဒါ့ပြင် တေးသံရှင် စိုးညီညီနဲ့အကပညာရှင် ခိုင်မာလွင် တို့က “ရွှေဘိုသနပ်ခါးသီချင်း”နဲ့ ကပြ သီဆိုဖျော်ဖြေခဲ့ပြီး သွေးချင်းစုံလင်သနပ်ခါးသဘင် ပွဲတော်မှာ “နန်းထိုက်တဲ့ သဘာ၀ ကမ္ဘာအမွေအနှစ် အလှ” ခေါင်းစဉ်နဲ့ THE Best Performance Award ဆုရရှိခဲ့တဲ့ ဗမာတိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့က ပြိုင်ပွဲဝင်တွေ ဂုဏ်ပြုငွေနဲ့ ဂုဏ်ပြုလက်မှတ်တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
သွေးချင်းစုံလင် သနပ်ခါးသဘင် ပွဲတော်မှာ “သနပ်ခါးသည်ပါရှင့်” ခေါင်းစဉ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဗမာတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့က ပြိုင်ပွဲ၀င် မမေမြင့်မိုရ်ကြည်ကို ဂုဏ်ပြုငွေနဲ့ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
