
၁၂. ၂. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့သည်။
SAC ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ညနေ ၆ နာရီတွင် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပသည့် မြို့တော်ခန်းမဥပစာရင်ပြင်သို့ ရောက်ရှိကြရာ SAC ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် SAC ဥက္ကဋ္ဌနှင့်ဇနီး၊ SAC ဒုတိယဥက္ကဋ္ဌနှင့်ဇနီးတို့က တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်ဇနီးများ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ အတွင်းရေးမှူးနှင့်ဇနီးတိုအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
SAC ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုမှုကို ကြည့်ရှုအားပေးခဲ့ပြီး SAC ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံခေတ်ပေါ်တေး ဂီတအဖွဲ့မှ တေးသံရှင်များနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၏ တိုင်းရင်းသားရိုးရာအက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များကို ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့သည်။
