◾ ကျူးလွန်သူက ထွက်ပြေးသွား၍ သက်ဆိုင်ရာက ပိုက်စိပ်တိုက် ရှာဖွေနေ

၁၂.၂.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ရာအိမ်မှူးတစ်ဦးအပါအဝင် ၃ ဦးကို NLD ထောက်ခံသည့် အိမ်ရှင် အမျိုးသားက ဓာတ်ဆီဖြင့် ပက်၍မီးရှို့မှု ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် နေ့လယ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျူးလွန်သူမှာ ရန်ကုန်တိုင်းဒေသကြီး၊ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်၌ နေထိုင်သူဖြစ်ပြီး ရာအိမ်မှူးတစ်ဦးအပါအဝင် ၃ ဦးကို ဓာတ်ဆီဖြင့်ပက်၍ မီးရှို့ပြီးနောက် ထွက်ပြေးသွား၍ သက်ဆိုင်ရာ ပူးပေါင်းဌာနများက ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း သိရသည်။
“စစ်မှုထမ်းစာရင်းကိစ္စ၊ လူစာရင်းအတွက် သွားကြတာ၊သွားတဲ့အခါ အိမ်တံခါးခေါက်ပြီး လူခေါ်တာ။ အဲဒီလူက အနီ ရဲရဲတောက်။ အဲဒီ အိမ်ရှင် ကလေ။ သူ့အိမ်မှာ ဓာတ်ဆီကို ဆောင်ထားတယ်။ အဆင်သင့်ရှိနေတယ်လို့ သိရတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ ဆောင်ထားတာလဲတော့ မသိဘူးပေါ့ဗျာ။ အဲလိုသွားကြတဲ့အခါ ဓာတ်ဆီနဲ့ လှမ်းပက်တာပေါ့။ ပြီးတော့ မီးခြစ်ခြစ် ပြီး လှမ်းပေါက်တာလို့ သိရတယ်။ ရာအိမ်မှူးနဲ့ Volunteer က နှစ်ယောက် ပါတယ်။ အခု အဲဒီအိမ်ရှင်က အဲလို လုပ်ပြီးတော့ ထွက်ပြေးသွားတယ်။ ရှောင်နေတာပေါ့။ အခု လိုက်ဖမ်းနေကြတယ်။ ဖမ်းမိမှာပါ။ ဒဏ်ရာရသူတွေက ရန်ကုန်ဆေးရုံကြီးမှာ။ အခု အရေးပေါ်မှာပေါ့။ ဒါပေမဲ့ အသက်အန္တရာယ်တော့ မရှိလောက်ဘူးလို့ သိရတယ်။ ဒါပေမဲ့လည်း မီးလောင်ဒဏ်ရာတွေ ရသွားတယ်”ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အသက် (၅၀) ကျော် ရာအိမ်မှူးအမျိုသားတစ်ဦး၏ ဦးခေါင်း၊ ကိုယ်ခန္ဓာတို့တွင် လည်း ကောင်း၊ Volunteer များဖြစ်ကြသော အသက် (၅၀) ခန့်အရွယ် အမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခြမ်းနှင့် အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၏ ပေါင်နှင့်ခြေသလုံးတို့တွင် မီးလောင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။
ယင်းကြောင့် ဒဏ်ရာရသူများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး အတွင်းလူနာအဖြစ် ဆေးဝါးကုသနေကြကြောင်း သိရသည်။
