
၁၂.၂.၂၀၂၅
Written By Thandar
ဇမ္ဗူဥသျှောင်သီလရှင်ကျောင်း ဘွားရိပ်သာ ၅ ထပ်ကျောင်းဆောင် ပထမအကြိမ် ဂုဏ်ပြုလွှာပေးအပ်ပွဲနဲ့ ဒေါ်ဝိမလစာရီ ရွှေရတုဝိဇာတ မင်္ဂလာပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီက ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့၊ မြိုင်သာယာ (၁) ရပ်ကွက်မှာ ကျင်းပခဲ့ပါတယ်။



“ဆရာလေးတို့က သီလရှင်ကျောင်းကို ၂ဝဝ၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ဆရာကြီးနဲ့ ဒေါ်နန္ဒသိင်္ဂီတို့နှစ်ပါးရယ် နောက်ပါဆရာလေး ၇ ပါးနဲ့ စတင်တည်ထောင်ခဲ့တာပါ။ ဆရာလေးတို့က ပညာရေးအတွက် အရင်ဆုံး အဓိက ပထမငယ်၊ လတ်၊ ကြီးဆိုတဲ့ စာဝါတွေ ပို့ချခဲ့ကြတာပါ “လို့ ဇမ္ဗူဥသျှောင် သီလရှင်ကျောင်းတည်ထောင်သူဆရာကြီး ဒေါ်ဝိမလစာရီက MT Entertainment ကို မိန့်တော်မူပါတယ်။
အဆိုပါ ကျောင်းတိုက်မှာ ပင့်သံဃာတော်အရှင်သူမြတ်တွေ ပင့်ဖိတ်ပြီး တရားတော်နာယူကာ အလှူရှင်တွေကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီကျောင်းတိုက်ကို ၂ဝဝ၇ ခုနှစ်က သီလရှင် ဆရာကြီး၊ ဆရာလေး အပါး ၃ဝ တို့ကို ပထမငယ်၊ ပထမလတ်၊ ပထမကြီးစာဝါတွေ ပို့ချရင်း ကျောင်းမနေရသေးတဲ့ ကလေးတွေနဲ့ ပညာထူးချွန်တဲ့ ကလေးတွေကို နီးစပ်ရာ ကျောင်းတွေမှာ ကျောင်းထားပေးခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောင်းသား/သူ ၁၂ဝ နဲ့စတင်လက်ခံသင်ကြားပေးခဲ့ပြီးတော့ ၂၀၁၀ ပညာသင်နှစ်က မူလတန်း (လွန်) ကျောင်း၊ ၂၀၁၄ ပညာသင်နှစ်က အထက (ခွဲ)ကျောင်း၊ ၂ဝ၁၉ ခုနှစ်က သီလရှင်အဘွား ရိပ်သာတွေနဲ့ ၂ဝ၂၃ ခုနှစ်မှာ ဗုဒ္ဓတက္ကသိုလ်တွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။






“ဆရာလေးတို့က ၂၀၁၉ ခုနှစ်က သာသနာ့နွယ်ဝင် သီလရှင်တို့ရဲ့ အထူးလိုအပ်ချက်ဖြစ်တဲ့ ဘဝနေဝင်ကာနီးအချိန် မပင်မပန်း အထီးမကျန် ကျန်းကျန်းမာမာနဲ့ အသက်ရွယ်တူသူတို့အချင်းချင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်စေဖို့ သီလရှင်အဘွားရိပ်သာကို တည်ထောင်စမှာ အဘွားသီလရှင် ၁၅ ပါးနဲ့စတင်ခဲ့တာပါ။ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်က အဘွားသီလရှင် ၁၅ဝ ပါးတို့လည်း ၁၂ ပေ ပတ်လည်အခန်း အိမ်သာ၊ ရေချိုးခန်းအပါ တစ်ပါးကိုတစ်ခန်းထားပေးပါတယ်။ ဒီအတွက် ပါဝင်လှူဒါန်းမှုတွေလည်း လုပ်ဆောင်နိုင်ပါတယ်လို့ နိဗ္ဗာန်ဆော် နှိုးဆော်အပ်ပါတယ်”လို့ ဆရာကြီးက ဆက်လက်မိန့်ပါတယ်။