
MT News
၁၂.၂. ၂၀၂၅
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားနှင့် ဩဝါဒပါတိမောက် ပူဇော်ပွဲတို့ကို ဖေဖော်ဝါရီ ၁၁ ရက်နှင့် ယနေ့ ၁၂ ရက်နေ့တို့တွင် ကျင်းပခဲ့သည်။




ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော်အရှေ့ဘက်အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့၀င်များ၊ ပညာရှင်များ၊ အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဂေါပကရုံး၀န်ထမ်းများ၊ ပြိုင်ပွဲ၀င်အသင်းနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး ရွှေတိဂုံစေတီတော်ဗုဒ္ဓ ဝေယျာ၀စ္စအသင်းများ၊ အခွန်ထမ်းများ၊ မိတ်ဖက်အသင်းများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဌာနများအပါအ၀င် ပြိုင်ပွဲ၀င်အသင်းပေါင်း ၃၂ သင်းပါ၀င်ယှဥ်ပြိုင်ကြပြီး ပထမဆုရရှိသည့် လုပ်ငန်းမြို့ပြဌာနကို ကျပ်(၁၀)သိန်း၊ ဒုတိယဆုရရှိသည့် ဓာတ်ပုံကန်ထရိုက်လုပ်ငန်းအဖွဲ့ကို ကျပ်(၇)သိန်း၊ တတိယဆုရရှိသည့် ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာနကို ကျပ်(၆) သိန်း၊ စတုတ္တဆုရရှိသည့် မေတ္တာပါရမီအသင်းကို ကျပ်(၅)သိန်း၊ ပဥ္စမဆုရရှိသည့် အထက်ပစ္စယံအသင်းကို ကျပ်(၄)သိန်း၊ နှစ်သိမ့်ဆုရရှိကြသည့် ပေါင်းမြက်သန့်ရှင်းရေးအသင်း၊ ပြတိုက်ပြခန်းဌာန၊ ဥပဒေရုံးများဆိုင်ရာဝတ်အသင်းနှင့် စီမံအုပ်ချုပ်ရေးဌာနတို့ကို ကျပ်(၃)သိန်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း ချီးမြှင့်ပေးအပ်သောဂုဏ်ပြုဆုငွေ တစ်သင်းလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ပြိုင်ပွဲအသင်း ၃၂သင်းတို့ကို ရွှေတိဂုံစေတီတော်ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဝင်အလှည့်ကျသဘာပတိ ဦးလှမြင့်က ဝန်ကြီးချုပ်ကိုယ်စား ပြိုင်ပွဲဝင်အသင်းများအသီးသီးကို ပေးအပ်ချီးမြှင့်ခဲ့သည်။





ထို့အတူ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ခုနှစ်၊ တပို့တွဲလပြည့်နေ့ သြဝါဒပါတိမောက်အခါတော်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင်ရှိသတ်မှတ်နေရာများ၌ ကျင်းပခဲ့ရာ ဦးစွာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး စိန်ရောင်ခြည်ဘုရားပင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ် ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဩဝါဒပါတိမောက်ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း, အမျှဝေ, သာခုခေါ်ဆိုခြင်း၊ နတ် ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ပြုလုပ်ကြကာ ပြိုင်ပွဲမှရရှိလာသည့်ထမနဲများကို ယနေ့ တပို့တွဲလပြည့်နေ့တွင် မြတ်စွာဘုရားနှင့် သံဃာတော်များအားအရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ဘုရားအမှူးပြုသောသံဃာတော် ၆၄ပါးအား ထမနဲဆွမ်းတော်ကြီးလောင်းလှူခြင်း၊ အလှူရှင်များအားဒါနပြုခြင်းနှင့်ခုနစ်ရက်သားသမီးများအားဝေငှကုသိုလ်ပြုခြင်းတို့ပြုလုပ်ခဲ့သည်ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။