
◾ ရွှေတိဂုံစေတီတော်ပေါ်က တပို့တွဲလပြည့်အခါသမယမြင်ကွင်းများ
ဖြိုးဝေ
၁၂. ၂. ၂၀၂၅
ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာနိုင်ငံက နိုင်ငံသားအများစုဟာ ဗုဒ္ဓသာသနာနဲ့ ဆက်နွှယ်တဲ့ နေ့ထူးနေ့မြတ်တွေရှိရာ လပြည့်နေ့တွေမှာ အထိမ်းအမှတ် ကုသိုလ်ကောင်းမှုတွေကို အထူးတလည် ပြုလေ့ရှိကြပါတယ်။
ဒီနေ့ဟာ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ပါ။ ဒါ့အပြင် တပို့တွဲလပြည့်နေ့လည်းဖြစ်ပါတယ်။ တပို့တွဲဟာ ထမနဲထိုးတဲ့ရိုးရာလရာသီလည်းဖြစ်ပြီး တခြားသော ဗုဒ္ဓသာသနာဆိုင်ရာအထိမ်းအမှတ်အဖြစ်လည်း ဩဝါဒပါတိမောက်အခါတော်နေ့လို့လည်း ခေါ်ဆိုပါသေးတယ်။







ဘုရားရှင်တိုင်းဟာလည်း သြဝါဒပါတိမောက်ကို ဟောကြားတော်မူမြဲဖြစ်ပြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူတဲ့ ဂေါတမဗုဒ္ဓမြတ်စွာဘုရားဟာ အဲဒီနှစ် တပို့တွဲလပြည့်နေ့မှာပဲ သြဝါဒပါတိမောက်ကို ပထမဆုံး ဟောကြားတော်မူခဲ့တာပါ။
သြဝါဒပါတိမောက်ဆိုတာက လိုက်နာသူတွေကို အပါယ်လေးပါးက လွတ်မြောက်စေနိုင်လို့ ပါတိမောက်၊ ဘုရားဆုံးမတော်မူတာဖြစ်လို့ သြဝါဒ၊ သြဝါဒနဲ့ ပါတိမောက်ကို တွဲစပ်ပြီး သြဝါဒပါတိမောက် လို ခေါ်ဆိုပြီး ဩဝါဒပါတိမောက်ဟာ သုံးဂါထာသာ ရှိပါတယ်။
ဩဝါဒပါတိမောက်
၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န ဟိ သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။
၂။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
၃။ အနူပဝါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော၊ မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္ထဉ္စသယနာသနံ၊ အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။
ဆိုတဲ့ ဂါထာသုံးပုဒ်ရဲ့ အနှစ်ချုပ်ဆိုလိုရင်းဟာ
“သည်းခံခြင်းဆိုတဲ့ မြတ်သောအကျင့်ကို ကျင့်သုံးပြီး သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခြင်းမပြုဘဲ အမြတ်ဆုံးနိဗ္ဗာန်လမ်းကိုသွားဖို့။ မကောင်းမှုရှောင်ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားဖို့။ သူတစ်ပါးကို မစွပ်စွဲ၊ မပြစ်မှား၊ မညှင်းဆဲ၊ မနှိပ်စက်ဘဲ သီလစောင့်ပြီး အစားအနေခြိုးခြံမှုနဲ့ ထူးမြတ်သောစိတ်နဲ့အားထုတ်ဖို့” ဆိုပြီး လမ်းညွှန်ခဲ့တာပါ။
ဒီနေ့ခေတ်အခါသမယဟာ သူတစ်လူငါတစ်မင်းနဲ့ နေရာတကာနယ်ပယ်လုယက်သတ်ဖြတ်ခြင်းတွေ မင်းမူပြီး စစ်ဘုရင်ဝါဒနဲ့ ပြည်ထောင်စုကို ဖြိုဖျက်ဖို့ ပြည်တွင်း၊ ပြည်ပ ပူးပေါင်းကြံစည်မှုတွေနဲ့ အခါသမယဖြစ်နေပါတယ်။ ဒီလိုအခါသမယမှာ နေ့စဥ် ပြည်သူသုံးဦးနဲ့အထက်ဟာ လက်နက်ကိုင်တွေရဲ့ စွပ်စွဲနှိပ်စပ် သတ်ဖြတ်မှုကြုံနေရသလို လက်နက်ကိုင်တွေအချင်းချင်း အပြန်အလှန်သတ်ဖြတ်မှုကြောင့်လည်း အဖိုးတန်လူသားရင်းမြစ်တွေ ပျက်သုဥ်းနေရပါတယ်။ ဒါ့တွေကြောင့် ပြည်သူတွေမှာလည်း စားဝတ်နေရေးအပြင် လက်နက်ကိုင်လူတစ်စုရဲ့ နိုင်ငံပိုင်အဆောက်အအုံဖြိုဖျက်မှုနဲ့ အလုံးစုံပျက်သုဥ်းရေးကြံရွယ်ချက်ကြောင့် လျှပ်စစ်မီးကအစ အခြေခံအဆောက်အအုံတွေ ပျက်သုဥ်းခဲ့ရလို့ လွန်လွန်မင်းမင်းလည်း ဒုက္ခရောက်နေကြရတာပါ။ နိုင်ငံနဲ့ပြည်သူအတွက် ဘာတစ်ခုမှ အကျိုးမရှိဘဲ အကျိုးပျက်စီးမှုချည်းသာ ဦးတည်ပြီး ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ကြံဆောင်နေသမျှဟာ ဖြိုဖျက်ပျက်စီးမှု လေးနှစ်ကျော်အကြာ ဒီနေ့ဒီကာလမှာတော့ ရပ်တန်းက ရပ်သင့်ပြီဖြစ်သလို နိုင်ငံသားတိုင်းဟာ ကမ္ဘာတည်သရွေ့ မြန်မာရှိရမယ်စိတ်ထားနဲ့ ဘုရားဟောအဆုံးအမ ဩဝါဒပါတိမောက်ကို ကိုင်စွဲပြီး ပြိုင်တူကြိုးစားကြရင်ဖြင့် ဒီနေ့ဒီကာလ ကြုံနေကြရတဲ့ ကပ်ကြီးသုံးပါးက လွတ်မြောက်နိုင်မယ့်လမ်းစဟာ အနီးမှာသာ ရှိပါကြောင်း….။






