၁၂.၂.၂၀၂၅
Written By Zun
AA က ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင်မြို့တို့ရှိ နေအိမ်များတွင် အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်၍ လူမနေရဟု စာကပ်ကာ အိမ်ပိုင်ရှင်များကို လိုက်ဖမ်းနေကြောင်း ဒေသခံများထံမှသိရသည်။
မောင်တော၊ ရွှေဇားရှိ လူနေတိုက်အိမ် ၅၀ ခန့်တွင် ဘယ်သူမျှ မနေရဟု ပိုစတာကပ်ထားပြီး နေထိုင်ကြသူများအနေဖြင့် နေအိမ်များကနေ ထွက်ခွာရန် AA က အမိန့်ပေးနေကြောင်းလည်း သိရသည်။
လူနေတိုက်အိမ်များ၏ တံခါးရှေ့ဖက်တွင် AA တပ်ဖွဲ့၏ အမိန့်အရ ယင်းနေအိမ်များတွင် လူမနေရ ပိုစတာများကို ကပ်နေခြင်းဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလ ၁၀ ရက်ကစ အိမ်ရှင်များကို နှင်ထုတ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဘူးသီးတောင်မြို့ပေါ်တွင်လည်း မည်သူမျှ မနေရဟု ပိုစတာများ ကပ်၍ အိမ်ပိုင်ရှင်များကို ဖမ်းဆီးရန် လိုက်လံရှာဖွေနေကြောင်း၊ စစ်ဘေးရှောင်အချို့ကိုလည်း မြန်မာ့တပ်မတော်နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြောဆိုကာ လိုက်လံဖမ်းဆီးနေကြောင်းလည်း သိရသည်။
AA က မည်သူမျှ မနေရဟု ပိုစတာ ကပ်ထားသည့် နေအိမ်အများစုမှာ ဘင်္ဂါလီ မွတ်ဆလင်များ၏ နေအိမ်များ ဖြစ်ကြောင်း၊ ယင်းနေအိမ်များတွင် ကပ်ထားသည့်စာတွင် “ဤအိမ် (သို့မဟုတ်) အဆောက်အအုံသည် အာရက္ခပြည်သူတော်လှန်ရေးအစိုးရအား ဆန့်ကျင်သောအကြမ်းဖက် အဖွဲ့အစည်း လူပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်စပ်နေသောကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရပိုင်အဖြစ် ဆိမ်းသည်းလာမည်ဖြစ်သည်။ ထို့ကြောင့် ခြံပိတ်သည့် နေရက်မှစ၍ ဘယ်သူမျှမဆို ကျုးကျော်ခြင်း ရောင်းဝယ်ခြင်း နေတိုင်ခြင်း မပြုလုပ်ရ၊ လိုက်နာမူမရှိဘဲ ပြုလုပ်သော ဘယ်သူကိုမဆို အရေးယူလာမည်ဖြစ်သည်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာလဖ(၂) စစ်ဒေသ၊ မောင်တောမြို့” ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။
အဆိုပါ ဖြစ်စဉ်အပေါ် မောင်တောဒေသခံများက AA အဖွဲ့က လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ပြီး မတရားသော လုပ်ရပ်ဖြစ်သည့်အတွက်ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောသည်။
“AA က ဘူးသီးတောင်နဲ့ မောင်တောက ဘင်္ဂါလီတွေကို နှိပ်စက်နေတာပါ။ နေအိမ်တွေကို သိမ်းတယ်၊ လူကိုဖမ်းတယ်။ AA အဖွဲ့ဟာ လွန်ကျူးနေတာမျိုးဖြစ်နေတာပါ။ ဒီလို အကြမ်းဖက်အမူအကျင့်တွေကိုရပ်တန့်စေချင်ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေချင်ဘူး”ဟု အဆိုပါ ဒေသခံတစ်ဦးက MT News ကို ပြောသည်။
