၃.၁.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ၏ လာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင်က သမ္မတယွန်ဆပ်ယိုလ်အား စစ်ဆေးမေးမြန်းရန် တရားရုံးကထုတ်ထားသော ဖမ်းဝရမ်းအရ သမ္မတနေအိမ်အတွင်းသို့ ဇန်နဝါရီလ ၃ ရက် နံနက်တွင် ဝင်ရောက်ဖမ်းဆီးနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း နေအိမ်အတွင်းသို့ဝင်ခွင့်မရဘဲ သမ္မတလုံခြုံရေးတပ်ဖွဲ့များနှင့် စုံထောက်များအကြား နာရီနှင့် ချီသည့် လိပ်ခဲတည်းလည်းအခြေအနေ ဖြစ်ပေါ် ခဲ့ပြီးနောက် ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီခွဲတွင် ၎င်းတို့၏ကြိုးစားမှုကို လက်လျှော့ခဲ့ကြကြောင်း သိရသည်။


လာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံထောက်များက သမ္မတယွန်အား ဝင်ရောက်ဖမ်းဆီးရန်ကြိုးစားမှုကို ငါးနာရီအကြာတွင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကော်မရှင် အဆင့်မြင့်အရာရှိကြီးများက ပြောခဲ့ကြသည်။
၎င်းတို့က ထိပ်တိုက်ရင်ဆိုင်တွေ့မှုများ ဖြစ်ပေါ်လာမည်စိုး၍ ဖမ်းဝရမ်းအတိုင်း လိုက်နာဆောင်ရွက်ရန် မဖြစ်နိုင်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ သုံးသပ်မှုများပြုလုပ်ပြီးနောက်တွင် ထပ်မံပြုလုပ်မည့်ဆောင်ရွက်ချက်များကို ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ဖမ်းဆီးစစ်ဆေးခံရမည့်သူ၏ ဥပဒေကြောင်းအရ လိုက်နာမှုမရှိသည့် အပြုအမူအတွက် များစွာဝမ်းနည်းမိကြောင်း ပြောခဲ့ကြသည်။
သမ္မတယွန်၏ ဒီဇင်ဘာလ ၃ ရက်က မအောင်မြင်သောစစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ဆက်စပ်၍ ၎င်းအားဆူပူအုံကြွမှုနှင့် အာဏာအလွဲသုံးစားပြုမှုတို့ဖြင့် စွဲချက်တင်ကာ စစ်ဆေးရန် ထုတ်ပြန်ခဲ့သော ဖမ်းဝရမ်းက ဇန်နဝါရီလ ၆ ရက်အထိ သက်တမ်းရှိမည်ဖြစ်သည်။

သို့သော် စုံထောက်များက ဝင်ရောက်ဖမ်းဆီးရန် ကြိုးပမ်းချိန်တွင် သမ္မတလုံခြုံရေးတပ်ဖွဲ့များက တားဆီးမှုပြု၍ ပဋိပက္ခဖြစ်ခဲ့ကြသလို သမ္မတအိမ်ရှေ့တွင် စုရုံးနေသော ထောင်နှင့်ချီသည့် သမ္မတထောက်ခံသူများကလည်း စုရုံးကာ ‘ဥပဒေနဲ့မညီတဲ့ ဖမ်းဝရမ်း-အလိုမရှိ’၊ ‘ကော်မရှင်ကိုဖမ်းရမယ်’ စသည့် ကြွေးကြော်သံများအော်ဟစ်ခဲ့ကြခြင်းဖြစ်သည်။
Ref- Yonhap
