April 29, 2024

၈. ၁. ၂၀၂၃
MT News Editorial

မြန်မာ့လူဦးရေသည် လက်ရှိ အချိန်တွင် ၅၆ သန်းခန့်ရှိပေသည်။ ထိုအထဲတွင် အဖွဲ့ ၆၀၀ ခန့် ရှိလာသော်ငြား လက်နက်ကိုင်များအရေအတွက်မှာ ၁ သန်းပင်မပြည့်။ ထို့အတူ ထိုလက်နက်ကိုင်အဖွဲ့များကို ထောက်ခံသူများမှာလည်း ၁၅ သန်းပင် မပြည့်နိုင်။

သို့သော် ထိုလက်နက်ကိုင်သူများအားလုံး၏ အတ္တများ၊ မာနများ၊ ကိုယ်ကျိုးရှာမှုများ၊ တစ်နိုင်ငံလုံးကထောက်ခံသည်ဟု ထင်ယောင်ထင်မှားအတ္တများအကြားတွင် နိုင်ငံနှင့်ပြည်သူသာ နစ်နာနေရချေရာ လက်ရှိကာလတွင်မူ ပြည်သူကို မျက်နှာမူသင့်ပြီဟု ဆိုရမည်ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ဟုဆိုရာ၌ တပ်မတော်၏အင်အားကို Global Fire Power က ၄ သိန်းဟုသတ်မှတ်ပြီး NUG ၏ ပကဖ၊ PDF များ၏ အင်အားကိုမူ MNDAA အပါအဝင် နိုင်ငံ့စစ်ရေးဆိုင်ရာလေ့လာသူများက အင်အားတစ်သိန်းခန့်ရှိသည်ဟု ခန့်မှန်းကြပေသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ထကြွသည်ဆိုသည့် PDF အင်အားပင် တစ်သိန်းခန့်သာ ရှိချေရာ မည်သည့်အချိန်ကမျှ ၅၀၀၀၀ မပြည့်ခဲ့သော EAOs အားလုံးပေါင်းမှာ အင်အားတစ်သိန်းအဆင့်အထိ အမြင့်ဆုံးထား၍တွက်လျင်ပင် လက်နက်ကိုင်များအင်အားတွင် ပြည်သူ့စစ်များ ပေါင်းခြင်း၊ တပ်မတော်သားမိသားစုဝင်များပေါင်းလျှင်ပင် လက်နက်ကိုင်အင်အား တစ်သန်း မရှိသည်မှာ ထင်ရှားပေသည်။

ထိုသို့ တစ်သန်းမပြည့်သူများကို ယနေ့ကာလတွင် စဥ်ဆက်မပြတ် အမှန်တကယ်ကူညီထောက်ပံ့သူများမှာလည်း အနည်းစုသာရှိကြောင်း ပေါ်လွင်လာပြီဖြစ်ရာ လက်နက်ကိုင်များကို ထောက်ပံ့နေသူများ၊ ထောက်ခံနေသူများမှာ နိုင်ငံ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိရန်ပင် မသေချာတော့သည်ကို တွေ့မြင်နေရပေသည်။

သို့သော် ထိုသို့ လူဦးရေ ၁၆ သန်းနှင့် သန်း ၂၀ အကြား လက်နက်ကိုင်မှုများကို အားပေးသူများ၏ အပြန်အလှန်တိုက်ခိုက်နေမှုကြားတွင် ၇၅ နှစ်ဖြစ်လာခဲ့သော ပြည်တွင်းစစ်အရှိန်မြှင့်မှုများပြားခဲ့သလို ပြီးခဲ့သည့်နှစ်နှစ်အတွင်း ပြည်သူတစ်သန်းကျော် စစ်ဘေးရှောင်ရကာ အိမ်အလုံးရေ ၄၀၀၀၀ ခန့်ပျက်စီးပြီး ပြည်သူ ၃၀၀၀၀ ကျော် သေကြေ ပျက်စီးခဲ့ရပြီဖြစ်သည်။ ထို့အပြင် နိုင်ငံပိုင်ရုံးများ၊ ကျောင်းများ၊ ဆေးရုံများ၊ မီတာရုံးများ၊ မဟာဓာတ်အားလိုင်းများ၊ ဖုန်းတာဝါတိုင်များ၊ လမ်းများ၊ တံတားများ ထောင်နှင့်ချီဖျက်ဆီးခံရမှုကြောင့် နိုင်ငံနှင့် ပြည်သူသာ နစ်နာနေရပေသည်။

လက်ရှိကာလတွင် နှစ်ဖက်စလုံးမှ လက်နက်ကိုင်များ၏ လုပ်ရပ်များကို မနှစ်မြို့သူများအများအပြားရှိပြီး နိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းကို ၂၀၂၃ ရွေးကောက်ပွဲဖြင့် ပြန်လည်လျှောက်လှမ်းလိုသူ ပြည်သူများစွာရှိနေကာ တစ်ဖက်နှင့်တစ်ဖက်အပြုတ်မတိုက်နိုင်ဘဲ ဆယ်စုနှစ်ချီကိုယ်ကျိုးရှာ အီလေးဆွဲတိုက်လာနေကြမည်ကို လက်မခံနိုင်သော တတိယအင်အားစုမှာ ပြည်သူသန်း ၃၀ ကျော် ရှိသည်ဟု MT News သတင်းဌာနက ခန့်မှန်းပါသည်။

သို့သော် ထိုပြည်သူသန်း ၃၀ ကျော်မှာ လက်ရှိအချိန်တွင် မည်သည့်လမ်းစဥ်ကို သွားသင့်သည်ဟုလည်း တိတိပပမပြောပြဝံ့သည့်အခြေအနေတွင်ရှိနေပြီး ထိုသို့ ဖြစ်နေရသည်မှာ SAC ကို ဝေဖန်ပါက ဖမ်းဆီးခံရနိုင်ခြင်းနှင့် NUG, PDF နှင့် EAOs များကို ထောက်ခံပါကမူ သူလျှို၊ ဒလန်ဟုဆိုကာ ဖြေရှင်းခွင့်ပင်မရဘဲ နောက်ကျောမှအလစ်အငိုက်တွင် လာရောက်သတ်ဖြတ်နိုင်သောကြောင့် မပြောဝံ့ကြခြင်းဖြစ်ပေသည်။

ထို့ကြောင့် လက်နက်ကိုင်များအားလုံးအနေဖြင့် အနှစ် ၇၀ ကျော် ပြည်တွင်းစစ်၊ မကျေလည်မှုအရှိန်မြှင့် ယခုနှစ်နှစ်ကာလအတွင်း မိမိတို့ကို ထောက်ခံနေသည်မှာ လူနည်းစုသာဖြစ်ပြီး လူအများစုပြည်သူမှာ မချစ်သော်လည်း အောင့်ကာနမ်းအခြေအနေဖြင့် မတတ်သာ၍သာ ဟန်ဆောင်ထောက်ခံပြနေရသည့် အခြေအနေကိုမြင်သင့်ပြီဖြစ်ကြောင်းနှင့် ပြည်သူအများ၏ ဆန္ဒကို အကြောက်တရားဖြင့် မခြိမ်းခြောက်ဘဲ စောကြောလေးစားကာ လက်နက်အားကိုးဖြင့် အနိုင်ကျင့်မှုများ ရပ်တန့်ပြီး ပြည်သူ့ဆန္ဒအစစ်အမှန်ကို ဆန်းစစ်လေ့လာသင့်ပြီဖြစ်ပါကြောင်းလည်း MT News သတင်းဌာနက တိုက်တွန်းရေးသားအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *