၈. ၁. ၂၀၂၃
Written by Phyo Wei

ပြည်သူလှုတဲ့အလှုနဲ့ ရပ်တည်နေရတဲ့ NUG က ဝန်ကြီးတွေက ဒုဝန်ကြီးတောင်လစာကို ဘတ် ၆၀၀၀၀ ယူနေတယ်လို့ ဝေဖန်ချိန်မှာ NUG ကတော့ NUG ဝန်ကြီး၊ ဒုဝန်ကြီးတွေဟာ လစာမရဘဲ ဝန်ကြီးဌာနအသုံးစရိတ်အဖြစ် တစ်လကျပ်သိန်း ၁၀၀ ပဲရပြီး ဒီ သိန်း ၁၀၀ ကလည်း CDM တွေကို လှုတာတွေတောင်ရှိတယ်လို့ Radio NUG ကနေ ရှင်းလင်းခဲ့ပါတယ်။

အဲဒီမှာ အသံတွေထွက်လာတာကတော့ လစာမရ၊ အလုပ်အကိုင်မရှိတဲ့ NUG ယာယီသမ္မတတို့၊ ဝန်ကြီး၊ ဒုဝန်ကြီးတို့ဟာ ဘယ်ကရတဲ့ငွေနဲ့ နိုင်ငံခြားမှာ သူဌေးလို နေနေကြသလဲဆိုတာပါပဲ။ သေချာတာကတော့ NUG မှာ တာဝန်ယူထားသူတွေဟာ အလုပ်အကိုင်မရှိ၊ စီးပွားရေးမရှိတော့တာမို့ သောက်၊ စား၊ သုံး၊ ဖြုန်း၊ အလှပြင်တာတွေကို ပြည်သူလှုတဲ့ငွေကပဲ သုံးကြရမှာပါ။ ဒါပေမဲ့ တော်လှန်ရေးကာလကြီးမှာ လိုအပ်တာထက် ပိုသုံးနေကြပြီး ပြည်သူကိုလည်း အလှုခံငွေက မသုံးကြောင်း ပြောရတဲ့အခါမှာတော့ ရှေ့ကဖုံး၊ နောက်ကပေါ်ဆိုသလို မရိုးသားတဲ့ အလှုငွေလိမ်လည်သုံးစွဲမှုတွေ၊ အဂတိလိုက်စားမှုတွေက ဘူးပေါ်သလို ပေါ်လာခဲ့သလို ယာယီသမ္မတ ဒူဝါလရှီးလကတောင် ဒီအပုပ်နံ့တွေဖုံးဖို့ ပြည်သူလှုတဲ့ငွေကြေးတွေကို လိုအပ်တဲ့နေရာပဲသုံးဖို့နဲ့ အလေအလွင့်မရှိအောင် သုံးဖို့ သတိပေးရပါတယ်။ တကယ်တော့ ငွေလှုနေတဲ့ ပြည်သူတွေက ဝန်ကြီးတွေလစာယူတောင် ဘာမှပြောမှာမဟုတ်ပေမဲ့ အခုလိုမျိုး မရိုးမသားလှည့်ပတ်လိမ်လည်နေတာတွေ မြင်ရတာကတော့ “လိမ်ဝံ့သောသူ မလုပ်ရဲသော အကုသိုလ်ဟူရျ်မရှိ” ဆိုတဲ့ မြတ်စွာဘုရားရှင်ရဲ့ သားတော်ရာဟုလာကို ဆုံးမတဲ့ စကားစုတောင် ပြန်လည်ကြားယောင်မိရတဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ မျှော်လင့်ချက်မရှိတဲ့ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ တရုတ်ကြိုးဆွဲရာ ကနေရတဲ့ မြန်မာ့နယ်စပ်ကုန်သွယ်မှုနဲ့ ညီညွတ်စွာကြိုးစားရင် ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်မယ်ဆိုတဲ့ မြန်မာနိုင်ငံအကြောင်းတွေကို တင်ပြချင်ပါတယ်။

“မျှော်လင့်ချက်မရှိတဲ့ ကုန်ထုတ်လုပ်မှုတိုးတက်ရေး”

မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ထပ်မံကျဆင်းခဲ့ပြီး လာမဲ့တစ်နှစ်အတွင်း ထုတ်လုပ်မှုတွေ တိုးတက်လာနိုင်ဖို့ မျှော်လင့်ချက်မရှိသေးဘူးလို့ ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်တဲ့ S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းမှာ ဖော်ပြလာပါတယ်။ မြန်မာနိုင်ငံက ထုတ်လုပ်ရေးမန်နေဂျာ ၄၀၀ ကို အခြေပြုပြီး ကောက်ယူတဲ့ ဒီစစ်တမ်းမှာဆိုရင် မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုက ၂၈ လ ဆက်တိုက်ကျဆင်းနေပြီး သုံးလဆက်တိုက် ကျဆင်းမှုအရှိန်မြင့်လာတယ်လို့လည်း ဖော်ပြခဲ့ပါသေးတယ်။

တစ်လတစ်ကြိမ်စစ်တမ်းကောက်ပြီးထုတ်ပြန်ရာမှာ ၂၀၂၃ ခုနှစ်ဟာ SAC က ရွေးကောက်ပွဲကျင်းပမယ်ဆိုပြီး ပြောနေချိန်၊ NUG က ရွေးကောက်ပွဲဖျက်ဖို့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်တော့မဲ့အချိန်၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ကြောင့် မီးမှန်မှန်မရလို့ ကုန်ကျစရိတ်မြင့်တက်နေချိန် စတဲ့ တိုက်ခိုက်မှုတွေ ပြင်းထန်လာမဲ့ ကာလမျိုးမှာ ဘယ်လိုလုပ်ငန်းရှင်ကမှ ကုန်ထုတ်လုပ်မှုတိုးတက်အောင်လုပ်ဖို့ ကြိုးစားနေမှာမဟုတ်ဘဲ လုပ်ငန်းတစ်ခု ရပ်မသွားအောင်၊ ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်မသွားအောင် ဟန်မပျက်ဆက်ရပ်ဖို့ပဲ ကြိုးစားရုံပဲ လုပ်တော့မှာ သဘာ၀ပါ။

“တရုတ်ကြိုးဆွဲရာ ကနေရတဲ့ မြန်မာ့နယ်စပ်ကုန်သွယ်မှု”

မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးကဏ္ဍမှာ တရုတ်နယ်စပ်ကုန်သွယ်ရေးကတော့ ပြုသမျှ နုနေရတဲ့အခြေအနေပါ။ တရုတ်ဟာ ကိုဗစ်အကြောင်းပြပြီး သူ့နိုင်ငံဆီသွင်းကုန်တွေပိတ်ပေမဲ့ သူတို့အတွက် လိုအပ်တဲ့ သွင်းကုန်တွေကိုတော့ ဖြစ်တဲ့နည်းနဲ့ သွင်းတာကို မြင်တွေ့ရသလို မြန်မာနိုင်ငံကို ပညာပြချင်ရင်လည်း ကုန်သွယ်မှုစည်းမျဉ်းတွေ၊ အခွန်အကောက်စည်းမျဉ်းတွေ တင်းကျပ်လိုက်တာမျိုး၊ ကုန်သည်တွေရဲ့ ဘဏ်အကောင့်တွေ ပိတ်လိုက်တာမျိုးလည်း လုပ်တတ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း တရုတ်က ကိုဗစ်အကြောင်းပြပြီး ပိတ်ထားတဲ့နယ်စပ်ဂိတ်တွေကို ဇန်နဝါရီ ၈ ရက်မှာ ပြန်ဖွင့်ပေးမယ်လို့ ပြောလာပါတယ်။ ဒီနေရာမှာ တရုတ်က နယ်စပ်ဂိတ်တွေကို ဖွင့်လိုက်ပိတ်လိုက် ထင်သလိုလုပ်နေတာကြောင့် မြန်မာဘက်က ပို့ကုန်လုပ်ငန်းရှင် ထိခိုက်နစ်နာမှု အများအပြားကြုံခဲ့ရတဲ့ အခြေအနေရင်ဆိုင်ခဲ့ရတာမို့လို့ လက်ရှိ နယ်စပ်ဂိတ်တွေပြန်ဖွင့်ဖို့ဆိုရင် မြန်မာဘက်က ဝန်ကြီးဌာနကတော့ တရုတ်ကြိုးဆွဲရာကသလိုမျိုးမဖြစ်ဖို့၊ ပိတ်ချင်တိုင်း ထ မပိတ်ဘဲ မြန်မာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး အချိန်တစ်ခုပေးပြီးမှ ဖွင့်တာပိတ်တာလုပ်ဖို့ လိုလားနေပါတယ်။

“သံရုံးကနေ တရားဝင်လာပါ။ နောက်ပြီးတော့ ဂိတ် ပိတ်မယ်ဆိုရင်လည်း အချိန်ပေးရမယ်။ ကောက်ကာငင်ကာ ပိတ်လို့မရဘူး။ ဂိတ်ပိတ်မယ်ဆိုရင် တစ်ပတ်တန်သည် ၁၀ ရက်တန်သည် အချိန်ပေးရမယ်။ အဲဒီကျမှ ဒီက ရွှေ့တဲ့ ကားတွေကို သူတို့ ယူရမယ်။ အသီးအနှံတွေ ဘာတွေ၊ ဖရဲသီးတွေ အဲဒါတွေ ပုပ်ကုန်တာ။ ရေထွက်ပစ္စည်းတွေ ပုပ်ကုန်တာ ဒုက္ခရောက်တာ အများကြီးလေ။ အဲဒါမျိုးတွေ မဖြစ်အောင်။ ငါးရှဥ့်တွေ ဘာတွေထုပ်ပိုးထားတာမှာ ပိုးတွေ့တယ်ဆိုပြီး အဲဒီလိုကောက်လုပ်တာ။ အခုကျမှ သူတို့ ဖွင့်မယ်ဆိုပြီးပြောတယ်။ လုံး၀ ပေးမဖွင့်သေးဘူး။ အားလုံး ကတိကဝတ်တွေ သဘောတူမှုတွေ လုပ်ရမယ်။ သူတို့ဟာ သူတို့ ဖွင့်ချင်နေတာ။ ဖွင့်ချင်တာဆိုပေမဲ့ ကျွန်တော်တို့ဘက်က သူတို့ကို ပြောတာက တရုတ်သံရုံးဘက်ကနေ မြန်မာနိုင်ငံသံရုံးကို တရားဝင် စာပိုခိုင်းထားတယ်။ အောက်ခြေမှာ ရွှေလီဆိုတာ မြို့နယ်အဆင့်ပဲ ရှိတယ်လေ ။ မြို့နယ်အဆင့်က လုပ်ချင်တာကို ကျွန်တော်တို့ လိုက်လုပ်လိုမရဘူး။ ပိတ်တုန်းကလည်း သူတို့သဘောနဲ့သူတို့ ပိတ်တယ်။ကျွန်တော်တို့ဘက်ကို ဘာမှ ညှိနှိုင်းတာတွေ ဘာတွေ မလုပ်ဘူး ။ ကောက်ကာငင်ကာပိတ်လိုက်တဲ့အတွက် ကျွန်တော်တို့ဘက်က ကားအစီး ၃၈၀၀ ကျော်၊ ညကုန်တန်ချိန် ၅ သောင်းလောက် တော်တော့်ကို ပျက်စီးကုန်တယ်။ ကားတွေအကုန် ရပ်သွားခဲ့ရတာ။ ကြက်သွန်နီတွေဆိုရင် တော်တော်များများ ပုပ်ကုန်တယ်။ အဲဒါကြောင့် မြန်မာကုန်သည်တွေ တော်တော် ထိခိုက်တယ်။ ထိခိုက်ခဲ့တယ်။ အဲဒါကြောင့် သူတို့ ဖွင့်ချင်တိုင်းဖွင့်လိုမရဘူး။ သူတို့ ဖွင့်မယ်ဆိုရင်လည်း အောက်က မြို့နယ်အဆင့် ပြောတာလောက်နဲ့ ကျွန်တော်တို့ လိုက်မလုပ်ဘူး။ သူတို့ တရုတ်နိုင်ငံသံရုံးကနေတစ်ဆင့် မြန်မာနိုင်ငံသံရုံးကို ညှိနှိုင်းရမယ်။ အဲဒီလိုညှိနှိုင်းပြီးတော့မှ ဖွင့်မယ်။ ဒီနေ့ တရုတ်ဘက်နဲ့အစည်းအဝေးလုပ်ဖို့ ရှိတယ်။ ကျွန်တော်တို့ ဒီအတိုင်း ခွင့်ပြုလို့မရဘူး။ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီကို တင်ပြရမယ်။ အဲဒီကော်မတီက ခွင့်ပြုမှ ရမယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင်အကြောင်းကြားပါ။ အကြောင်းကြားပြီးတော့မှ ဒီဘက်က လူကြီးတွေရဲ့ခွင့်ပြုချက်ရမှ ကျွန်တော်တို့က ဖွင့်ခွင့်ပေးမှာ။ အဓိက မန်ဝိန်းပေါက်ပဲ ။ မန်ဝိန်းပေါက်ကို သူတို့ပဲ ပိတ်ပစ်တာ။ သူတို့ ပိတ်ပြီးတော့ ကျင်စန်းကျော့ဘက်က သွားခိုင်းတယ်။ အဲဒီတော့ ကျင်စန်းကျော့ဘက်မှာ သွားလုပ်တယ်။ သွားလုပ်တာတွေက ယာဉ်ရပ်နားကွင်းတွေ၊ ဆေးဖျန်းတာတွေ စသည်ဖြင့် အဆင့် ၃ ဆင့်တောင် မောင်းရတယ်။ ၃ ခါတောင် ပြောင်းပြီးမှ သွားရတယ်။ ခက်ခက်ခဲခဲလုပ်ထားကြတယ်။ ပိုက်ဆံတွေလည်း အများကြီးကုန်တယ်။ အဲဒါပြီးတော့မှ အဲဒီဂိတ်ကို ဖွင့်တာ။ ပြီးလည်းပြီးတော့မှ ဒီဘက်ကိုလာလုပ်မယ်လို့ ပြန်ဖြစ်နေပြန်တော့ ဒါက ခက်နေတာလေ။ သူတို့ လုပ်နေတိုင်း သူတို့ ကြိုးဆွဲရာကို လိုက်မကဘူး”လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနေ့မှာ တရုတ်က သူပိတ်ထားတဲ့နယ်စပ်ဂိတ်တွေဖွင့်ပေမဲ့ မြန်မာဘက်ကတော့ ထင်သလိုလုပ်တဲ့ တရုတ်ရဲ့မူတွေကြောင့် မြန်မာတွေနစ်နာမှာစိုးလို့ ပိတ်ချင်ရင် ကြိုအသိပေးဖို့ညှိမရမချင်းဖွင့်မှာမဟုတ်တဲ့သဘောမြင်ရပြီး မြန်မာဘက်ခြမ်းဂိတ်ပေါက် ပိတ်ထားတာမြင်ခဲ့ရပြန်ပါတယ်။

“ညီညွတ်စွာကြိုးစားရင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်မယ်ဆိုတဲ့ မြန်မာ”

‘တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာရှိတယ်ဆိုတာ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့သမိုင်းက ပြဆိုခဲ့ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းအားနဲ့သာ အဓိကထား တည်ဆောက်ကြရပါမယ်။ မြေပေါ်မြေအောက်နဲ့ ရေသယံဇာတကြွယ်ဝပြီး လူသားအရင်းအမြစ်ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံဟာ မဖွံ့ဖြိုးမတိုးတက်စရာမရှိပါဘူး။ ကျွန်တော်တို့ ညီညွတ်ရင်၊ ကြိုးစားရင် ကျွန်တော်တို့နိုင်ငံဟာ ဒေသတွင်းမှသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံအထိ မလွဲဧကန် ရောက်ရှိမှာဖြစ်ပါတယ်”လို့ SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီနေရာမှာ ဥပမာ တင်စားရရင် လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာပြည်ကအပ်တစ်စင်းသာ ဆုံရင်ဆုံပါ့မယ်။ မြန်မာတွေ ညီညွတ်ဖို့ကတော့ တော်တော့်ကို ခက်ခဲတယ်လို့ ပြောရမဲ့ အခြေအနေဖြစ်ပါတယ်။ လက်ရှိအခြေအနေကြည့်မယ်ဆိုရင်လည်း ကိုယ်စီးပွားရေးကိုယ်လုပ်တာတောင် သူလျှို၊ ဒလန်ဆိုပြီး စွပ်စွဲခံနေရသလို အလုံးစုံပျက်သုဉ်းရေးလုပ်မယ်။ အကုန်လုံးပြိုပျက်ပြီးမှ အသစ်က ပြန်တည်ဆောက်မယ်ဆိုတဲ့ အင်မတန်အောက်တန်းကျတဲ့အတွေးအခေါ်တွေနဲ့ အစိုးရပိုင်ပစ္စည်းမဟုတ်တဲ့ နိုင်ငံပိုင်ပစ္စည်းတွေကို ဖျက်ဆီးနေတာ ဆုံးရှုံးမှုက ကျပ် ဘီလျံထောင်ချီနေပြီဖြစ်ပါတယ်။ အစိုးရတစ်ရပ် ပိုင်ဆိုင်တာမဟုတ်ဘဲ နိုင်ငံက ပိုင်တဲ့ပစ္စည်းတွေဆိုတာ ပြန်လည်ထူထောင်မယ်ဆိုရင် နိုင်ငံနဲ့ ပြည်သူ့ငွေကပဲ ကုန်ကျရတာဖြစ်သလို တချို့အရာတွေက ငွေရှိရင်တောင် ချက်ခြင်းထူထောင်လို့မရဘဲ လေးနှစ်၊ ငါးနှစ်၊ ဆယ်နှစ်မက ကြာတတ်တယ်ဆိုတာကိုတောင် ဆင်ခြင်တွေးဆတတ်မှုမရှိတဲ့သူတွေများပြီး ဒီလိုမျိုး ဆင်ခြင်ဉာဏ်မရှိသူတွေ ဘာလုပ်လုပ် ထောက်ခံနေတဲ့ အသိဉာဏ်မဲ့လူတစ်စုကလည်း အင်အားတစ်ခုစာရှိနေတဲ့နိုင်ငံမျိုးမှာ ပြည်သူတွေ ညီညွတ်စွာကြိုးစားပြီး မြန်မာနိုင်ငံ ကမ္ဘာ့ထိပ်တန်းဖြစ်ဖို့ဆိုတာဟာ အင်မတန်ကို ခဲခက်တဲ့အခြေအနေပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *