🔺 စိန်ခေါ်မှုများစွာကြားက ပြည်သူရွေးချယ်ရမည့် ၂၀၂၃ လျှောက်လမ်း

MT News Editorial

တပ်မတော်က ၂၀၂၃ တစ်နှစ်တာလုံး အပစ်ရပ်မည်ဟု ကြေညာခဲ့သလို ၂၀၂၂ ကို စိတ်ရှည်သည်းခံမှုနှင့်ခက်ခဲစွာ ကျော်ဖြတ်ခဲ့ပြီးနောက် ၂၀၂၃ မှာ သတိရှိရန်နှင့် ပိုမိုအသိရှိမှ ကျော်ဖြတ်နိုင်မည်ဟုလည်း SAC ဥက္ကဋ္ဌက ပြောကြားလာပေသည်။

မှန်ပါသည်။ အပြန်အလှန်စွပ်စွဲမှုများနှင့် အာဏာပဋိပက္ခအကြား ပြည်သူသောင်းချီသေဆုံးခဲ့ရကာ နှစ်ဖက်တိုက်ခိုက်မှုများအကြား ရွာပေါင်းထောင်ချီမီးလောင်ခံခဲ့ရပြီး အိမ်ခြေ ၄၀၀၀၀ ခန့် ပျက်စီးခံရမှုများကြောင့် မြန်မာ့လူဦးရေ၏ ၅ ရာခိုင်နှုန်းခန့်မှာ ဒုက္ခရောက်နေချိန် ထိုပမာဏ မြင့်တက်မလာစေရန် ပြည်သူများကိုယ်တိုင် ကာကွယ်ရမည်ဖြစ်ပေသည်။

လက်နက်မဲ့ပြည်သူများက လက်နက်ကိုင်သူအားလုံးကို ကြောက်ရွံ့နေရချိန်တွင် ပြည်သူနှင့်နိုင်ငံမထိခိုက်စေရန် ပြည်သူကပင် ကာကွယ်ရမည်ဆိုခြင်းမှာ ရုတ်တရက်ဆိုပါက မတတ်နိုင်ဟုထင်သော်ငြား ပြည်သူ့ရွေးချယ်မှုစွမ်းအားအရ ဖြစ်ထိုက်သင့်သည်များကို MT News က ချိန်ဆအကြံပြုလိုပါသည်။

၂၀၂၃ ခုနှစ်သည့် မြန်မာပြည်သူများအတွက် ရွေးချယ်ရမည့် နည်းလမ်းသုံးခုရှိနေပြီး (၁) ရွေးကောက်ပွဲဖြစ်မြောက်ကာ ဒေါ်အောင်ဆန်းစုကြည်တို့ လက်ခံခဲ့သော ဒီမိုကရေစီစနစ်ဖြင့် ပြန်လည်လျှောက်လှမ်းခြင်း။

(၂) NUG ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ရွေးကောက်ပွဲပျက်ကာ ခြေဥမရှိတော့သဖြင့် အာဏာရယူထားသည့် တပ်မတော်က ဆယ်စုနှစ်တစ်ခုကြာ အာဏာဆက်လက်ရယူကာ ယခုခြေဥထက် ပိုမိုပြင်ရခက်မည့် ခြေဥအသစ်ပြန်လည်ရေးဆွဲပြီးမှ NLD နှင့် NUG ပြန်လည်ဒူးထောက်ပါဝင်လာမည့် ရွေးကောက်ပွဲကျင်းပခြင်း။

(၃)။ ခြေဥအသစ်မဆွဲလို မဖျက်လိုသဖြင့် ခြေဥအရပင် ဥပဒေသစ်ပြဌာန်းကာ SAC ၏ ရာထူးကာလကို ဆွဲဆန့်သွားခြင်း စသည့် နည်းလမ်းသုံးသွယ်ဖြစ်ပေသည်။

ထိုနည်းလမ်းသုံးသွယ်အနက် နံပါတ် (၁) ကို ရွေးချယ်မည်ဆိုပါက အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ကို ပြန်လည်ဝေဖန်ထောက်ပြနိုင်သည့် ဒီမိုကရေစီနိုင်ငံသို့ ချက်ခြင်းကူးပြောင်းမည်ဖြစ်ကာ ဘဝဆုံးသွားသည့်လူငယ်များနှင့် ပြည်သူများအနာဂတ် ပြန်လည်ထွန်းလင်းလာမည်ဖြစ်သည်။

နံပါတ် (၂) ကို ရွေးချယ်ပါက အာဏာထိန်းသည့်အဆင့်မှ အာဏာသိမ်းသည့်လုပ်ရပ်နှင့် ညီမျှမှုကို တွေ့မြင်လာရနိုင်ပြီး NLD နှင့် NUG ဆိုသည့်စကားပင် မပြောရဲလောက်အောင် အမြင့်ဆုံးအဆင့်၊ အကုန်လုံးအင်အားအဖြစ်နှင့် ချေမှုန်းကာ  ကမ္ဘာ့ပြင်ရအခက်ဆုံး ၂၀၀၈ ခြေဥထက် ပိုပြင်ရခက်သည့် နွေဦးတော်လှန်ရေးခြေဥထွက်လာမည်ဖြစ်ပြီး ထိုအချိန်ကျမှ ဒူးထောက်ရသည့် NLD နှင့် NUG သည်လည်း ၂၀၁၆-၂၀၂၀ ကာလကဲ့သို့ မောက်မာနိုင်မည့်အခွင့်အလမ်း ပျောက်ပျက်မည်ဖြစ်ပေသည်။

နံပါတ်(၃) ကို ရွေးချယ်ပါကမူ အာဏာသုံးရပ်ရယူထားသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတစ်ဝန်းမငြိမ်သက်သရွေ့ အာဏာဆက်လက်ရယူထားမည့် “အထူးအားဖြင့်” ဥပဒေပြဋ္ဌာန်းကာ ဆူပူအကြမ်းဖက်မှုရှိနေသရွေ့ ရွေးကောက်ပွဲမပြုလုပ်ဘဲ စစ်အုပ်ချုပ်ရေးဖြင့် နှစ်ရှည် ထိန်းကျောင်းခံရမည့် အခြေအနေဖြစ်ပေသည်။

ထိုနည်းလမ်းသုံးသွယ်ကို ပြည်သူများက ရွေးချယ်လျှောက်လှမ်းခွင့်ပြုထားသည်ကိုလည်း မြင်ရပေသည်။ NUG ကို မထောက်ခံဘဲ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို ရွေးချယ်ပါက နံပါတ် (၁) ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံအေးချမ်းသွားမည်ဖြစ်ကာ NUG ကို ထောက်ခံကာ အကြမ်းဖက်မှုများ အားပေးနေပါကမူ နံပါတ် (၂) နှင့် နံပါတ် (၃) မလွဲမသွေရမည်ဖြစ်သလို လက်ရှိထက် ပိုဆိုးရွားသည့်အခြေအနေကိုလည်း ရင်ဆိုင်ရနိုင်ပေသည်။

ယခုအခြေအနေများဖြင့်ပင် အာဏာဆက်လက်ထိန်းကျောင်းရယူခွင့်ရှိနေသော တပ်မတော်အတွက် ရွေးကောက်ပွဲသည် ထွက်ပေါက်မဟုတ်သည်ကို အတိုင်းသားမြင်ရမည်ဖြစ်သဖြင့် ရွေးကောက်ပွဲသည်မြန်မာနိုင်ငံနှင့် ပြည်သူအတွက်သာ ထွက်ပေါက်ဖြစ်သည်ကို ပြည်သူများတွေးမြင်နိုင်ရန် ချိန်ခါကျသင့်ပြီဟု MT News သတင်းဌာနက ယူဆပေသည်။

ထိုနည်းလမ်းသုံးသွယ်များအနက် လျှာအရိုးမရှိတိုင်း လူပိန်းကြိုက်ပြောတတ်သောသူများ၏ “နိုင်နေပြီ” ဆိုသည့်စကားကို ယုံမှားကာ ထိုလူလိမ်များကို ထောက်ခံနေသရွေ့ ယခုထက်ပိုမိုခက်ခဲသည့် ခြေဥနှင့်နိုင်ငံကို ပြည်သူကိုယ်တိုင် ရွေးချယ်လိုက်မှုဖြစ်သွားနိုင်ကြောင်း သတိချပ်ပါရန်လည်း MT News သတင်းဌာနက တိုက်တွန်းအပ်ပါသည်။

လက်ရှိအခြေအနေတွင် Democracy Restored သည်သာ နိုင်ငံ့အတွက် ထွက်ပေါက်ဖြစ်သည်ဟု ရှုမြင်ပါကြောင်းနှင့် ဒီမိုကရေစီဖက်ဒရယ်နှင့် တပ်မတော်၏ နိုင်ငံရေးပါဝါ ရာခိုင်နှုန်းများ လျှော့ချရေးမှာလည်း တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးယူပြီးချိန်မှသာ တပ်မတော်ကို နိုင်ငံရေးကထွက်ခွာရန် ပြောနိုင်မည်ဖြစ်သဖြင့် ထိုအဆင့်မရောက်မီကာလတွင် နိုင်ငံနှင့်ပြည်သူမနစ်နာသော ဆင့်ကဲတိုးတက်မှု(Evolution) ဖြင့်သာ လျှောက်လှမ်းသင့်သည့်အချိန်အခါကို ရွေးချယ်သင့်ပါကြောင်းလည်း MT News သတင်းဌာနက အကြံပြုတင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *