၂. ၁. ၂၀၂၂
Written by Nay Moe

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုထောက်ခံတော်လှန်နေသည်ဆိုသော်လည်း PDF များ၏ အမှန်တကယ် အင်အားမှာ တစ်သိန်းခန့်သာရှိသည်ဟု မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) စစ်ဦးစီးချုပ် ဖုန်တဲရင်က ၂၀၂၃ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာတွင် ဖော်ပြပြောကြားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယနေ့အထိ လပေါင်း၂၃ လ ကြာမြင့်ချိန်အတွင်း တော်လှန်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းလာခဲ့ပြီး ယခုဆိုလျှင် မြန်မာနိုင်ငံ၏ အခြေအနေမှာ စေ့စပ်ညှိနှိင်း၍မရနိုင်တော့သည့် အခြေအနေသို့ ဆက်လက်ကူးပြောင်းလာခဲ့သည်ဟု ဖုန်တဲရင်က ဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ၏ စုစုပေါင်းစစ်အင်အားမှာ တစ်သိန်းခန့်အထိ တည်ဆောက်နိုင်ခဲ့ပြီး၊ ရာနှင့်ချီသောPDF အဖွဲ့များသည်လည်း မိမိတို့၏ ဒေသအသီးသီးတွင် တိုက်ပွဲများ ဆက်တိုက်ဆင်နွှဲနေကြသည်ဟု ဖုန်တဲရင်က ဆက်လက်ပြောသည်။

ရာနှင့်ချီသော PDF များ၊ ပကဖများ၊ LPDF များ အဖွဲ့ ၆၀၀ ခန့် ထွက်ပေါ်လာသော်လည်း အဖွဲ့အများစုမှာ ၅ ဦးမှ ၅၀ အကြားဖြင့်သာ စုဖွဲ့ထားသော အဖွဲ့ငယ်များသာဖြစ်နေပြီး အင်အားများသော PDF,LPDF,ပကဖ,ပြောက်ကျားများမှာ အနည်းငယ်သာရှိနေသည်။ ထို့အပြင် လက်နက်ခဲယမ်းမလုံလောက်မှုများကြောင့် PDF များ၏ ထက်ဝက်ခန့်ကသာ လက်နက်ကိုင်ဆောင်နိုင်သည့်အခြေအနေဖြစ်ပြီး လက်နက်ခဲယမ်းအပြင် စားဝတ်နေရေးမလုံလောက်မှုကြောင့် အလှူခံစားသောက်နေရကာ ထောက်ခံသူများ၏ လှူဒါန်းမှုမှာလည်း လစဥ်ဆိုးရွားစွာကျဆင်းနေသည်။

ထို့ကြောင့် စစ်အင်အား ၄ သိန်းခန့်ရှိသည့်ဟု Global Fire Power ၏ ၂၀၂၂ စစ်တမ်းတွင် ဖော်ပြထားပြီး လက်နက်စက်ရုံအများအပြားဖြင့် ကိုယ်ပိုင်ထုတ်လုပ်နေသည့်အပြင် ပြည်သူ့စစ်များကိုပါ ရာထောင်ချီဖွဲ့စည်းလာနိုင်သည့် တပ်မတော်၏ စစ်အင်အား၊ လက်နက်အင်အားနှင့် ငွေကြေးအင်အားကို အနိုင်ရသည့်အထိ ပြိုင်ဆိုင်နိုင်ရန်မှာ လက်ရှိအင်အားအရ ဖြစ်နိုင်ချေနည်းပါးနေသည်ဟုလည်း စစ်ရေးဆိုင်ရာလေ့လာသူများက ခန့်မှန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *