၁. ၁. ၂၀၂၂

Written by Nay Moe

နှစ်သစ်ကူးကာလတွင် မန္တလေးမြို့ပေါ် ဖောက်ခွဲရန်စီစဥ်နေသည့် မန္တလေး MYF PDF (Mandalay Young Force) နှင့် ဝက်လက် PDF အဖွဲ့တို့မှ အမျိုးသမီးနှစ်ဦးအပါအဝင် PDF ၁၆ ဦးကို ဖမ်းမိသည်ဟု SAC က ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ပြည်သူများသတင်းပေးပို့မှုအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၈ x ၄၉ လမ်းကြား၊ ၁၀၆ x ၁၀၇ လမ်းကြား၌ Mandalay Young Force (MYF) အဖွဲ့ဝင်များဖြစ်သော ကျော်မင်းခန့်၊ ဟိန်းထက်အောင်(ခ)ကိုဟိန်းတို့ ၂ ဦးအား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် ရီမုမိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ကျော်မင်းခန့်၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်း၌ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အာရှဘဏ်လမ်းနှင့် သံလမ်းဆုံအနီးတွင် ယမင်းကိုအားလည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၂၃ × ၆၂ လမ်းဆုံအနီးတွင် ဝက်လက် PDF အဖွဲ့ဝင်များဖြစ်သော အောင်ထက်ကျော် (ခ)တိုက်ဂါးနှင့် ရဲသူစံတို့ကို ဖမ်းမိခဲ့သည်။

အလားတူ ဖမ်းမိတရားခံ အောင်ထက်ကျော်(ခ)တိုက်ဂါး၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်း၌ လက်လုပ်မိုင်းများထည့်ထားသော သင်္ကန်းခြင်း ၁ ခြင်းအား စစ်ကိုင်းတိုင်းဒေသကြီးဘက်မှတစ်ဆင့် ချမ်းအေးသာဇံမြို့နယ်၊ ၂၉ x ၉၀ လမ်းထောင့်ရှိ မလွန်ကျောင်းတိုက်သို့ ပို့ဆောင်ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆိုပါကျောင်းတိုက်သို့ သွားရောက်ရှာဖွေခဲ့ရာ ကျောင်းထိုင်ဆရာတော် ဥုးအိန္ဒြာစက္က(ခ)အေးကိုအား သင်္ကန်းခြင်းအတွင်း၌ ထည့်ထားသော PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၆ လုံး၊ ၆ အချိုရည်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၄ လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် ဖမ်းဆီးရမိတရားခံ အောင်ထက်ကျော်(ခ)တိုက်ဂါး နှင့် ကျော်မင်းခန့် တို့၏ ထွက်ဆိုချက်များအရ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ရပ်ကွက်၌ MYF အဖွဲ့ဝင်များဖြစ်သည့် ထက်အောင်လင်း၊ လင်းလင်း(ခ)ဖက်တီး၊ မိုးမြင့်သူ၊ နေသူရိန်(ခ)အောင်ပြည့်ဖြိုး၊ လှိုင်မျိုးဝင်း၊ ရန်ပိုင်ထွန်း (ခ)စော်ဘွား၊ အံ့ဖုန်းခန့်နှင့် အာကာဖြိုး(ခ)စောအာကာတို့အား တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထိုသို့ဖမ်းဆီးစဉ် တရားခံ လှိုင်မျိုးဝင်းနှင့် အာကာဖြိုး(ခ)စောအာကာတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ထားသည့်လက်နက်ကို လုယူထွက်ပြေးရန် ကြိုးပမ်းသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ လှိုင်မျိုးဝင်းအား ဘယ်ပေါင်ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ဖြင့်လည်းကောင်း၊ အာကာဖြိုး (ခ)စောအာကာ အား ဝဲရင်ဘတ်ကျည်ရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ)ဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဖမ်းဆီးရမိတရားခံ အောင်ထက်ကျော်(ခ)တိုက်ဂါးနှင့် ကျော်မင်းခန့်တို့၏ ထွက်ဆိုချက်များအရ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ်ရှိ APP ဖုန်းပြုပြင်ရေးဆိုင်၌ သာထက်ခန့်အား လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၌ မျိုးသူအောင်အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၁၄ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၆ ဦးတို့အား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်း ၁၁ လုံး၊ အချိုရည်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၄ လုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ MYF နှင့် ဝက်လက် PDF အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ စည်ပင်သာရပ်ကွက်၊ ၂၂ x ၈၇ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ၈၀ x ၉ လမ်းထောင့်ရှိ အမှတ်(၄)ရဲစခန်းတို့အားလည်းကောင်း၊ အမရပူရမြို့နယ်ရှိ ကပ်ကျော်ဘုရားနှင့် တောင်သမန်အင်းတို့အား လည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ “ရတနာပုံ”တိရစ္ဆာန်ဥယျာဉ်နှင့် ကျုံးပတ်လည်ရှိ လူစည်ကားရာနေရာများအားလည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ Ocean Center နှင့် နှစ်သစ်ကူးကာလ ပျော်ပွဲရွှင်ပွဲပြုလုပ်မည့် ချမ်းအေးသာဇံမြို့နယ်၊ “မန္တလာသီရိ” ဘောလုံးကွင်းတို့အားလည်းကောင်း ဖောက်ခွဲရန်ကြံရွယ်စဥ် ဖမ်းမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News