Photo -AFP

၃၀. ၁၂. ၂၀၂၂
Written By Myo Khine

သမ္မတဟောင်းဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရဟတ်ယာဉ်အဂတိမှုများအတွက် ယနေ့ ဒီဇင်ဘာ ၃၀ ရက်တွင် နေပြည်တော်အချုပ်ထောင် သီးသန့်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက MT News သို့ ပြောသည်။

ရဟတ်ယာဉ်အမှုများအားလုံးနှင့် ပတ်သက်၍ နေပြည်တော် အချုပ်ထောင်အထူးတရားရုံး၌ စစ်ဆေးနေခြင်းကို ရုံးပိတ်ရက်များတွင် ရက်ချိန်းအပြောင်းအလဲ ပြုလုပ်သည်မှအပ အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့တို့တွင် ပုံမှန်စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်တွင် အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကာ ယနေ့တွင် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

“အမှုအမှတ် ၄၆၊ ၄၇၊ ၄၈ နဲ့ ၅၀ က ၃ နှစ်စီ တစ်ပေါင်းတည်း ကျခံဖို့ အမိန့်ချတယ်။ အမှုအမှတ် ၄၉ ကျတော့ ၄ နှစ် ချတယ်။ နှစ်ယောက်လုံးကို အတူတူပါ။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လုံး နေကောင်းကြပါတယ်”ဟု အဆိုပါ နီးစပ်သူက ပြောသည်။

ယင်းအမှုများအတွက် သက်သေများအဖြစ် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း ဦးကျော်မျိုး ၊ AMAS ကုမ္ပဏီ၏ ဒါရိုက်တာ ဦးရဲမြင့်၊ ယခင်အစိုးရလက်ထက်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူ တို့အပါအဝင် သက်သေ ၆ ဦးအား စစ်ဆေးခဲ့ကြခြင်းလည်း ဖြစ်သည်။

ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို ရဟတ်ယာဉ်နှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်း၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် နစက က ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့်အမှုများထဲမှ အပြီးသတ်အမိန့်ချမှတ်ထားသော အမှုများအတွက် ထောင်ဒဏ် စုစုပေါင်း ၂၆ နှစ်ရှိပြီ ဖြစ်၍ ယနေ့ ချမှတ်သော ထောင်ဒဏ်နှင့် ဆိုပါက စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ရှိပြီ ဖြစ်ကြောင်း၊ ဦးဝင်းမြင့်အနေဖြင့် ချမှတ်ခံထားရသော ထောင်ဒဏ် ၇ နှစ်ထက် မနည်း ရှိနေသောကြောင့် ယနေ့ ချမှတ်သော ထောင်ဒဏ်နှင့် ဆိုပါက စုစုပေါင်း ၁၄ နှစ်ထက်မနည်း ရှိပြီ ဖြစ်ကြောင်းလည်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *