၃၀. ၁၂. ၂၀၂၂
Written by Nay Aung

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ကားထုတ်လုပ်နိုင်မှုသည် ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်လျှင် ၁၃၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အာဆီယံ ကားထုတ်လုပ်ရောင်းဝယ်ရေးအဖွဲ့ချုပ် ASEAN Automotive Federation (AAF)၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ် ပထမ ၁၁ လအတွင်း ကားအစီးရေပေါင်း ၃၁၁၅ စီးထုတ်လုပ်နိုင်ခဲ့ပြီး ပြီးခဲ့သော ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် များစွာမြင့်တက်လာခဲ့ကာ မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ်က ကားအစီးရေပေါင်း ၁၃၂၉ စီးသာ ထုတ်လုပ်နိုင်ခဲ့ရာ ယခုနှစ်တွင် ကားထုတ်လုပ်နိုင်စွမ်း သိသိသာသာတိုးလာခဲ့ခြင်းလည်းဖြစ်သည်။

အာဆီယံဒေသအတွင်းရှိ နိုင်ငံများအနက် ဗီယက်နမ်၏ ကားထုတ်လုပ်နိုင်မှုသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ၅၂ ဒသမ ၇ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံက ၄၈ ဒသမ ၂ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ၃၂ ဒသမ ၅ ရာခိုင်နှုန်း ထိုင်းနိုင်ငံက ၁၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း AAF ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကားထုတ်လုပ်မှုအရေအတွက် မြင့်တက်ခဲ့သော်လည်း ကားရောင်းချမှုအပိုင်းမှာ လျော့ကျခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် ယခုနှစ်ပထမ ၁၁ လအတွင်း ကားရောင်းချမှုပိုင်းလျော့ကျခဲ့ကြောင်း သိရသည်။

AAF ၏ထုတ်ပြန်ချက်များအရ စင်ကာပူနိုင်ငံ၏ ကားရောင်းချမှုပိုင်းသည် ၂၈ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံ၏ ကားရောင်းချမှုပိုင်းက ၁၇ ဒသမ ၂ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကားထုတ်လုပ်မှုအရေအတွက်သည် ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တစ်လကိုအနည်းဆုံး ကားအစီးရေပေါင်း အနည်းဆုံး ၄၀၀ကျော် ထုတ်လုပ်နိုင်ခဲ့သော်လည်း ဇူလိုင်လမှ နိုဝင်ဘာလအတွင်းကားထုတ်လုပ်မှုပိုင်း သိသိသာသာကျဆင်းသွားခဲ့ကြောင်း AAF က ဆိုသည်။

၂၀၂၂ ခုနှစ် ပထမ ၁၁ လအတွင်း မြန်မာနိုင်ငံ၏ကား ထုတ်လုပ်မှုနှုန်းကို လေ့လာကြည့်မည်ဆိုလျှင် မတ်လတွင် ကားအစီးရေ ၆၁၀ စီးဖြင့် အများဆုံးထုတ်လုပ်နိုင်ခဲ့ပြီး အောက်တိုဘာလက ကားထုတ်လုပ်မှုအနည်းဆုံးဖြစ်ခဲ့ကာ ကားအစီးရေ ၄ စီးသာထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ref- asean-autofed

Leave a Reply

Your email address will not be published. Required fields are marked *