တက္ကစီပေါ် အိပ်ပျော်သွားရာမှ မှော်ဘီ မြောင်းတကာလမ်းမဘေး ခြုံထဲပစ်ထားခံခဲ့ရပြီး ရွှေ ငွေ လုယက်ခံရ

၃၀. ၁၂. ၂၀၂၂
Written by Thi Ha

ဒီဇင်ဘာလ ၂၇ ရက် နေ့လည်က အငှားယာဥ်ဖြင့် လှိုင်သာယာမှ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆွေမျိုးများထံ အလည်သွားရင်း အဆက်အသွယ်ပြတ် ပျောက်ဆုံးနေသည့် ဇနီးမောင်နှံ ၂ ဦးကို ဒီဇင်ဘာ ၂၉ ရက်တွင် ပြန်လည်အဆက်အသွယ်ရပြီး ရှာဖွေတွေ့ရှိခဲ့ကြောင်း ပျောက်ဆုံးဇနီးမောင်နှံ ၂ ဦး၏ မိသားစုဝင်တစ်ဦးကို MT News မှ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ဖြစ်စဥ်မှာ မောင်ထက်အာကာထွန်းနှင့် မမြတ်သိမ်မွေ့ထွန်း(ခ) ဂျူးဂျူးတို့ ဇနီးမောင်နှံ ၂ ဦးသည် မမြတ်သိမ်မွေ့ထွန်း၏ မိဘအိမ်သို့ လှိုင်သာယာ မီးခွက်ဈေးအနီးမှ လမ်းပေါ်တွင်မောင်းနှင်နေသည့် တက္ကစီတစ်စီးကို လက်တားငှားကာ အလည်သွားရောက်ခဲ့ကြရာ နေ့လည် ၂ နာရီဝန်းကျင်တွင် မြောက်ဥက္ကလာပ (ဃ‌) ဈေးအနီးသို့ ရောက်နေပြီဖြစ်ကြောင်း၊ အိမ်သို့ရောက်ခါနီးပြီဖြစ်ကြောင်း မိဘအိမ်သို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ထိုသို့ အိမ်နားအနီးတွင် ရောက်ရှိနေပြီဟု ဆက်သွယ်ပြီး အတော်ကြာကြာ ရောက်ချိန်တန်သည့်အထိ အိမ်သို့ရောက်ရှိလာခြင်းမရှိဘဲ အဆက်အသွယ်ပျက်ကာ သတင်းအစအနပျောက်ကာ ၂ ရက်ကြာပျောက်ဆုံးသွားခဲ့ရာမှ ပြန်တွေ့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မောင်ထက်အာကာထွန်း၏ အကိုဖြစ်သူက “ဘယ်လိုပြန်တွေ့လဲဆိုတော့ မှော်ဘီ မြောင်းတကာဘက်က ပြန်တွေ့တာပါ။ မိသားစုတွေ လိုက်သွားပြီ သွားခေါ်လာကြတာ။ ဘယ်လိုကနေ အဲဒီအထိ ပါသွားရလဲဆိုတော့ တက္ကစီသမားက သတိလွတ်အောင် ဆေးတစ်မျိုးမျိုးနဲ့ လုပ်ပြီး ခေါ်သွားတယ်လို့ပဲ ယူဆရမှာပဲ။ ကလေးတွေ ပြောပြပုံအရ ဆိုရင်ပေါ့လေ။ လုယက်သွားတယ်။ ဖုန်း နဲ့ ရွှေငွေပါသွားတယ်။ အသက်ကို အန္တရာယ်မပေးသွား၊ လူတွေကို ဘာမှ မလုပ်သွားတာ ကံကြီးလို့ပါ” ဟု MT News သို့ ပြောသည်။

သူက ဆက်လက်၍ “ကလေးတွေ ပြန်ပြောပြတာကတော့ ကားပေါ်မှာ တအားအိပ်ချင်လာလို့ အိပ်လိုက်တာ ပြန်နိုးလာတော့ ကားလမ်းဘေးခြုံထဲမှာ ရောက်နေတယ်။ ဘယ်နားမှန်းလဲ မသိ။ လူနေအိမ်ခြေလည်း မရှိတော့ မသွားမလာရဲနဲ့ နောက်ပြီး ခေါင်းတွေ တအားမူးပြီး မလဲအောင် အားယူနေရတယ်ပေါ့။ လမ်းလည်းမလျှောက်နိုင်ကြဘူးလို့ အဲ့ဒီလိုပြောပြတယ်။ မိုးချုပ်သွားတော့ ဇရပ်တစ်ခုတွေ့တာနဲ့ အဲဒီမှာပဲ အိပ်လိုက်တယ်ပေါ့။ နောက်နေ့ ဒီဇင်ဘာ ၂၉ရက် မနက်စောစောမှာနိုးလာတော့ ကားလမ်းအတိုင်း အတော်ကြာကြာ လမ်းလျှောက်ကြရင်း လမ်းဘေးမုန့်ဆိုင်လေးကို တွေ့ရတာပါတဲ့။ အဲဒီတော့မှ မှော်ဘီ မြောင်းတကာဘက်ရောက်မှန်းသိပြီး အဲဒီဆိုင်က ဆိုင်ရှင်တွေ ကူညီလို့ မိဘတွေဆီ ဆက်သွယ်နိုင်ပြီး လှိုင်သာယာ အရှေ့ပိုင်းရဲစခန်းအကူအညီနဲ့ သွားခေါ်နိုင်ခဲ့တာ “ဟု ပြောသည်။

လူပျောက်တိုင်ကြားထားသည့်အတွက် ရဲစခန်းမှ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ ဆက်လက်ဆောင်ရွက်နေပြီး တရားခံများဖမ်းဆီးရမိနိုင်ရေးကိုလည်း ဆောင်ရွက်လျှက်ရှိကြောင်း MT News၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ဇနီးမောင်နှံ နှစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ ခေါင်းမူးဝေနေပြီး အသက်ရှူမဝသည့် ဝေဒနာ ခံစားနေရကြောင်းနှင့် လက်ရှိအချိန်တွင် မြောက်ဥက္ကလာပရှိ မိဘအိမ်တွင် နေထိုင်လျှက် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *