-နိုင်ငံတကာ မျက်နှာစာတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးနေမှုများ ဆွေးနွေး

MT News

Written by Tha Doe

SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး H. E. Mr. Deng Xijun လာရောက်ခဲ့မှုအပေါ် ယမန်နေ့တွင် လက်ခံတွေ့ဆုံခဲ့ပြီး နိုင်ငံတကာမျက်နှာစာ၌ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးရေးကိစ္စရပ်များအပါအဝင် အခြားကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး H.E. Mr. Deng Xijun အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံတကာ မျက်နှာစာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု၊ တရုတ်နိုင်ငံအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက်ရှိမှုနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တရုတ်သံအမတ်ကြီး H. E. Mr. Deng Xijun သည် အာဆီယံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခင်က တရုတ်အထူးကိုယ်စားလှယ် မစ္စတာ

ဆွန်ကော့ရှန် (Sun Guoxiang) နေရာကို ဆက်ခံခဲ့သူဖြစ်သည်ဟု သတင်းမီဒီယာများက ဖော်ပြနေသည်။ တရုတ်သံအမတ်ကြီး Deng Xijun နေပြည်တော်မလာရောက်မီ တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှူများ ပြုခဲ့သည်ဟု ကနဦးသိရကာ လက်ရှိတွင်လည်း နေပြည်တော်၌ NCA ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ငါးဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *