၂၈. ၁၂. ၂၀၂၂
MT News Editorial

ကတိဆိုသည့် အသုံးသည် “သဘောတူညီချက်၊ ပြောသည့်အတိုင်းလုပ်ပါ့မည်ဟု အာမခံချက်”ကို ဆိုလိုခြင်းဖြစ်ပေသည်။

သစ္စာဆိုသော စကားစုသည်မှာမူ “အမှန်တရား၊ မှန်ကန်သောစကား၊ နိုင်ငံ လူမျိုး စသည့်အပေါ်တွင် ထားရှိသော စောင့်သိရိုသေမှု” ဟူသော အသုံးအနှုန်းများဖြင့်လည်း သုံးနှုန်းလေ့ရှိပေသည်။

မြန်မာနိုင်ငံများအနေဖြင့်မူ ကတိနှင့် သစ္စာကို “မင်းမှာ သစ္စာ၊ လူမှာကတိ” ဟူသော အသုံးအနှုန်းဖြင့် သုံးနှုန်းလေ့ရှိပြီး ထိုအသုံးမှာလည်း “မင်းသည် သစ္စာစောင့်ရသကဲ့သို့ လူသည် ကတိတည်ရသည်” ဟူသော ဆိုရိုးစကားဖြင့် သုံးနှုန်းကြလေ့ရှိပြီး သစ္စာပျက်သော “မင်း” ကတိပျက်သော လူသည် လူအများ၏ ရွံရှာစပ်ဆုပ်ခြင်း၊ လူ့အသိုင်းအဝိုင်းမှာ ဖယ်ကျဥ်ခြင်းများကိုလည်း ရင်ဆိုင်ရတတ်ပေသည်။

လက်ရှိအချိန် မြန်မာနိုင်ငံတွင်လည်း အကြမ်းဖက်လုပ်ရပ်များကို မနှစ်သက်သော၊ မြန်မာနိုင်ငံသားအချင်းချင်း နှစ်ပေါင်းများစွာ လူ သောင်းနှင့် ချီ အပြန်အလှန်သတ်ဖြတ်နေမည်ကို မနှစ်မြို့ကြသော၊ စဥ်းစားဆင်ခြင်ဉာဏ်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို နိုင်ငံနှင့်ပြည်သူ ထိခိုက်နစ်နာမှုအနည်းဆုံးဖြင့် သွားရောက်လိုသော မြန်မာပြည်သူ သန်း ၅၀ ခန့်သည် ၂၀၂၃ ခုနှစ် ကျင်းပမည့်ကတိဖြစ်သော ရွေးကောက်ပွဲကို စောင့်မျှော်နေကြပေသည်။

သို့သော် လက်ရှိအချိန်တွင် နိုင်ငံ့လူနည်းစုဖြစ်သော လူဦးရေငါးသန်းခန့်မှာ လက်နက်ကိုင်မှုများ၊ အပြန်အလှန်အမုန်းပွားတိုက်ခိုက်မှုများစွာဖြင့် တိုက်ပွဲများဆင်နွှဲနေကြသည်ကိုလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်နေရပြီး ၂၀၂၃ တွင် ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း လူတစ်စုက ဖျက်ဆီးရန် ကြံဆနေသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရပေသည်။

သို့ပါသော်လည်း ရွေးကောက်ပွဲသည်သာ နိုင်ငံနှင့် ပြည်သူများအတွက် အငြင်သာဆုံးထွက်ပေါက်ဖြစ်သည်ဟု ပြည်သူအများက ယုံကြည်လက်ခံထားသဖြင့် ရွေးကောက်ပွဲကျင်းပမည်ဟု ပြည်သူကို ကတိပေးထားသည့် ကတိများတည်တံ့အောင် ကြိုးစားလုပ်ဆောင်ရန်ကိုလည်း MT News သတင်းဌာနက ကတိပြုသူ တာဝန်ရှိသူများကို တိုက်တွန်းလိုပါသည်။

မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကျင်းပပေးမည်ဟု တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ကြေညာထားပြီးဖြစ်သဖြင့် ထိုသို့သော ကတိ သစ္စာများကို မပျက်ယွင်းစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်းကာ ပြည်သူလူထုအထိနာမှု အလျော့နည်းဆုံးနည်းလမ်းများဖြင့် ၂၀၂၃ ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်ပေးပါဟုလည်း တာဝန်ရှိသူများကို MT News သတင်းဌာနက တိုက်တွန်းတောင်းဆိုလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *