၂၉. ၁၂. ၂၀၂၂

Written by Min Mahar

PDF ကို ငွေသုံးသိန်းထောက်ပံ့ခဲ့သဖြင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့သည့် ပုဒ်မဖြင့် မန္တလေးအိုးဘိုထောင်တရားရုံး၌ အမှုရင်ဆိုင်နေရသော တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ယမန်နေ့က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့် တရားရင်ဆိုင်နေရသော NLD ပါတီ၏ ဥပဒေအကြံပေးတစ်ဦးလည်းဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

” ဒေါ်ရွက်နုအောင်ကို တရားရုံးက အပြန်အလှန်အမှုစစ်တဲ့အခါမှာလည်း အခြားရှေ့နေတွေမခေါ်ဘဲ သူကိုယ်တိုင်အမှုကိုပြန်လည်ချေပခဲ့တာ။ အခုချမှတ်လိုက်တဲ့ ထောင်တွင်းတရားရုံးက အမိန့်အပေါ် တိုင်းတရားလွှတ်တော်မှာ ပြန်လည်ပြင်ဆင်ခွင့်အတွက် အယူခံတက်သွားမှာပါ”ဟု အမည်မဖော်လိုသူရှေ့နေတစ်ဦးက MT News သို့ ပြောသည်။

ဒေါ်ရွက်နုအောင်သည် ဖမ်းဆီးမခံရခင်က မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဟောင်းများ၊ NLD ပါတီဝင်အချို့၏ အမှုများကို လိုက်ပါလုပ်ဆောင်ပေးနေရင်း ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် ညနေက အိုးဘိုထောင်တွင်း အမှုစစ်ဆေးပြီးအပြန် ဖမ်းဆီးခံခဲ့ရသည်။

၎င်းသည် မန္တလေးတိုင်း NLD ပါတီဝင်တစ်ဦးလည်းဖြစ်သည့်အပြင် NLD အစိုးရလက်ထက်တွင်ဖြစ်ပွားခဲ့သော လူသိများခဲ့သည့် နိုင်ငံကျော် ဗစ်တိုးရီးယားအမှုနှင့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အမှုများတွင်လည်း ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။

ပုဒ်မ ၅၀(ည) သည် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းတခုခုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများ ပြုလုပ်ပါက တရားစွဲဆိုခံရသည့် ပုဒ်မဖြစ်ပြီး ထောင်ဒဏ်တစ်သက်ထိ ချမှတ်နိုင်ကာ ဒေါ်ရွက်နုအောင်မှာ PDF အဖွဲ့တစ်ခုကို ကျပ်သုံးသိန်းထောက်ပံ့မှုစွဲချက်ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရခြင်းလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *