MT News

Written by Min Mahar

ယမန်နေ့နေ့လည်က ကန့်ဘလူမြို့နယ်မှ ရွှေဘိုမြို့နယ်သို့ ပဲ၊ နှမ်းများရောင်းရန်သွားသော ဒိုင်နာကား မိုင်း ၃ လုံးခွဲခံရပြီး ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ ဦးဒဏ်ရာရရှိမှု ခင်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက် မွန်းလွှဲ ၂ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ နေထိုင်သော မိသားစု ၄ ဦးသည် ၎င်းတို့ကျေးရွာမှ ရွှေဘိုမြို့သို့ ပဲ၊ နှမ်းများရောင်းရန်အတွက် တစ်ရွာတည်းနေ အမျိုးသားတစ်ဦးမောင်းနှင်သည့် ဒိုင်နာ(ဖြူပြာကြား)ယာဉ်တစ်စီးငှားပြီး ထွက်လာခဲ့ရာ ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာအနီး တံတားသို့ အရောက်တွင် မိုင်း(၃)လုံး ပေါက်ကွဲခဲ့ရာ ကားပေါ်တွင်ပါလာသော ယာဉ်မောင်းနှင့် ၅ နှစ်အရွယ်ကလေးအပါအဝင် ယင်းတို့မိသားစုဝင် ၄ ဦး အသီးသီးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပရဟိတသမားများထံမှ သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး၊ ၎င်း၏သမီးဖြစ်သူ ၃၁ နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ မြေးနှစ်ဦးဖြစ်သော ၉ နှစ်အရွယ်ယောကျ်ားလေးတစ်ဦးနှင့် ၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးတို့အပြင် အသက် ၃၁နှစ်အရွယ် ယာဉ်မောင်းအမျိုးသားပါ မိုင်းစများထိမှန်သွားသဖြင့် ဒေသခံပရဟိတအဖွဲ့များမှ ရွှေဘိုမြို့နယ်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုခံယူနေကြရကြောင်း သိရသည်။

ထို့ပြင် ဒိုင်နာ(ဖြူပြာကြား) ၆ ဘီးယာဉ်၏ တာရာ(၃)လုံးမှာ ပျက်စီးသွားခဲ့ရာ ကာလတန်ဖိုး ၆ သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *