၁၉. ၁၂. ၂၀၂၂
MT News Editorial

၂၀၂၁ နွေဦးတော်လှန်ရေးအစ အာဏာသုံးရပ်ထိန်းကျောင်းရယူသည့် SAC က ရွေးကောက်ပွဲကျင်းပမည်ဟု ဆိုချေရာ မယုံကြသူများသလို ထိုရွေးကောက်ပွဲ လုပ်ပေးမည်မဟုတ်ဆိုကာ လက်နက်ကိုင်ခဲ့ကြသူများသည် လက်ရှိအချိန် SAC က အမှန်တကယ်ပင် ရွေးကောက်ပွဲ ပြန်ကျင်းပရန် ကြိုးစားနေချိန်တွင်လည်း ရွေးကောက်ပွဲလက်မခံရေးနှင့် ဖျက်ဆီးနိုင်ရေးကို ကြိုးစားနေပြန်ပေသည်။

အာဏာထိန်းခြင်းနှင့် အာဏာသိမ်းခြင်းသည် နီးနီးကပ်ကပ်ပုံစံမခြားနားချေရာ အသိဉာဏ်နည်းပါးသူများမှာ အာဏာသိမ်းသည်ဟု မျက်စိမှိတ်ငြင်းနေသော်ငြား ၂၀၀၈ ဖွဲ့စည်းပုံကြားမှပင် ရွေးကောက်ပွဲအသစ် PR ခြေဥအသွင်ဖြစ်လာသည်ကို စိုးရိမ်စွာ ငြင်းဆန်နေကြခြင်းမှာလည်း လက်ရှိအခြေအနေမှာ အာဏာထိန်းခြင်းသာဖြစ်သည်ဟု ယူဆရသည့်ပုံစံကိုပါ တော်လှန်သူများမှာ လက်ခံစွဲမြဲရသည့်ပုံစံ ပေါ်ပေါက်လာပြန်ပေသည်။

ရွေးကောက်ပွဲဖြစ်မည်။ အာဏာပြန်အပ်ကာ ဒီမိုကရေစီနိုင်ငံအဖြစ် ပြန်လည်အသက်ဆက်မည်ဆိုသည်ကို လက်မခံသူများကို ကြည့်ပါက NLD မှ ပေါက်ဖွားကာ အကြမ်းဖက်သမားများအဖြစ် စွဲချက်တင်ထားခံရသောသူများ၏ ငြင်းဆန်မှုအတိ ပြည့်နှက်နေဘိသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပေသည်။

လက်ရှိအချိန် ရွေးကောက်ပွဲဖြစ်ပါက မည်သည့်ပါတီက နိုင်ကြသည်ဖြစ်စေ လူပေါင်း ၂၅၀၀၀ ကျော် သတ်ဖြတ်ထားသော၊ အကြမ်းဖက်သမားများဟု ကြေညာခံထားရသော NUG အဖွဲ့ဝင်များမှာ နိုင်ငံ့ချိန်ခွန်လျှာ ပြောင်းသည့်အောက်ဝယ် ကမ္ဘာကပင် အဖက်မလုပ်သည့်နှယ် ကြုံရနိုင်သကဲ့သို့ လက်ရှိခံစား စံစားနေသော အဆောင်
အယောင်များနှင့် အထောက်အပံ့များလည်း ပျောက်ပျက်သွားနိုင်ပေသည်။

ထို့အတူ မိခင်ပါတီ NLD ကလည်း အဖက်မလုပ်သည့်အသွင်မြင်ရနိုင်ချေရာ ထိုအခြေအနေဆိုးများ တားဆီးရန်မှာ လက်နက်ကိုင်ကာ ခြိမ်းခြောက်ခြင်းဖြင့် ရွေးကောက်ပွဲပျက်စေရန် လုပ်ဆောင်ခြင်းကသာ အားထားရာ ဖြစ်လာသည့်ပုံစံများလည်း တွေ့မြင်ထားရပြန်ပေသည်။

၂၀၂၃ တွင် ရွေးကောက်ပွဲဖြစ်လာပါက ၂၀၀၈ ခြေဥအရပင် Dejure အစိုးရတစ်ရပ်ပေါ်လာကာ နိုင်ငံတကာမှ ရန်ရှာမှုများ လျော့ပါးသွားမည်ဖြစ်ပေသည်။ ထို့အတူ အသစ်ပြန်လည်ပေါ်ထွန်းလာသော အမတ်များက တာဝန်ယူကြသည့် PR အစိုးရအဖွဲ့အား နိုင်ကျဥ်းများ လွှတ်ပေးရေးနှင့် တောတွင်းပြေးကြသော ကျောင်းသားကလေးငယ်များ အလင်းဝင်ကျောင်းပြန်တက်ရေး အဆိုတင်သွင်းဆွေးနွေးမှုများ ပြုလုပ်ကြမည်ဖြစ်ရာ နိုင်ငံရေးဘောင် ကျယ်လာသည်နှင့်အမျှ စစ်ဘောင်ကျဥ်းကာ NUG မှာ အမေ့ခံဖြစ်ကြရမည် ဖြစ်ပေသည်။

NCGUB သည်လည်း ကျယ်လာသော နိုင်ငံရေးဘောင်အောက်တွင် နာမည်ပင်ပျောက်သွားခဲ့ရာ ထိုသို့သောပုံစံတူ NUG မှာ ယင်းတို့နေရာပျောက်လာမည့် နိုင်ငံရေးဘောင်ကျယ်မှုထက် နေရာရမည့် စစ်ဘောင်ကျယ်ရေးကိုသာ ဦးစားပေးကြမည်ဖြစ်ပေသည်။ ယင်းတို့၏ ကိုယ်ကျိုးသာ တွေးဆသည့် ၂၀၂၃ ရွေးကောက်ပွဲမဖြစ်ရေးကိုသာ ယုံမှားထောက်ခံမိပါက တိုင်းပြည်၏ လက်ရှိအခြေအနေမှာ ယခုကာလထက် အဆ ၁၀၀ မကဆိုးသော ပြဿနာကို ရင်ဆိုင်ရနိုင်ပေသည်။

၂၀၂၃ ရွေးကောက်ပွဲသာ ပျက်ပြားပါက လာမည့်နှစ် ၂၀၂၃ ဩဂုတ်လ လွန်သည်နှင့်တစ်ပြိုင်နက် NUG လက်ရှိသတ်ဖြတ်ထားသည့် လူပေါင်း ၂၅၀၀၀ ထက် အဆ ၁၀၀ မကဆိုးသည့် လူသိန်းချီ သတ်ဖြတ်ခံရမှုများ ရက်ပိုင်းလပိုင်းအတွင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်ရသလို အလွန်ပြင်ရခက်သည်ဟု နာမည်ဆိုးနှင့်ကျော်ကြားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထက် အဆ ၁၀၀ မက ပြင်ရခက်သော အခြေခံ ဥပဒေတစ်ခုမှာလည်း အချိန်အပိုင်းအခြားအကန့်အသတ်မရှိ ရေးဆွဲအတည်ပြုသွားနိုင်သည်ဟုလည်း MT News သတင်းဌာနအနေဖြင့် ယူဆထားပါသည်။

ထိုသို့ ယူဆထားသည့်အတွက် လက်ရှိကာလထက်ဆိုးသော အခြေအနေကို မကြုံလိုသည့်ပြည်သူများအနေဖြင့် တိုင်းပြည်မည်သို့ဖြစ်သင့်သည်ကို ချိန်ဆကာ ရွေးကောက်ပွဲပျက်ပြားအောင် ဖျားယောင်းသွေးဆောင်သူများကိုလည်း မယုံစားစေလိုကြောင်းနှင့် တော်လှန်(Revolution)၍ မနိုင်ဘဲ တိုင်းပြည်သာအထိနာသောပုံစံထက် ဆင့်ကဲတိုးတက်မှု (Evolution)ဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲနိုင်ပါကြောင်းကို MT News သတင်းဌာနက ထပ်လောင်း တိုက်တွန်းလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *