April 27, 2024

၁၉. ၁၂. ၂၀၂၂
Written by Phyo Wei

ဒီတစ်ပတ်ရဲ့ နိုင်ငံရေးကဏ္ဍမှာဆိုရင် အမေရိကန်က PDF တွေကို ပံ့ပိုးပေးမယ်ဆိုတဲ့ NDAA ဟာ အထက်လွှတ်တော်ကပါ လက်မှတ်ထိုးလိုက်ပြီဆိုတဲ့သတင်းကြောင့် NUG, PDF တွေဘက်မှာလည်း စိတ်ဓာတ်တက်ကြွပြီး အရင်ထက် တိုက်ခိုက်မှုတွေပိုလုပ်ရာမှာ ဒလသင်္ဘောလို အဆင်းရဲဆုံးပြည်သူတွေ အားထားနေရတဲ့ အစိုးရယာဥ်လိုင်းပါ အဆစ်ပါပြီး ပြည်သူ ၅ ဦးသေဆုံးသလို ၁၂ ဦးဒဏ်ရာရတယ်လို့လည်း သတင်းထွက်ပေါ်လာပါတယ်။

ကုလသမဂ္ဂမှာလည်း SAC ဘက်က တင်သွင်းတဲ့ကိုယ်စားလှယ်ကို အတည်ပြုရေးဆုံးဖြတ်ဖို့ ထပ်မံရွှေ့ဆိုင်းပြီး NUG ကို ထောက်ခံတဲ့ ဦးကျော်မိုးထွန်းကိုပဲ ကုလသမဂ္ဂက ခုံနေရာဆက်ပေးဖို့ Credential ကော်မတီက ဆုံးဖြတ်တာနဲ့ ဥရောပ ပါလီမန်က NUG ကို ပြည်သူ့အစိုးရလို့ ကြေညာခဲ့တာ GPEDC မှာ SAC တက်ရောက်ခွင့်မပြုဘူးလို့ ကြေညာခဲ့တာတွေဟာ အဓိကရုဏ်းတွေ ပိုဖြစ်ဖို့ လောင်စာဆီထိုးသလို ပြင်းထန်ခဲ့ပါတယ်။

ဒီလိုမျိုး ပြင်းထန်မှုတွေ ကြုံနေတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ငါးနှစ်လောက်အချိန်ယူဖြေရှင်းရမဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေအကြောင်း၊ နိုင်ငံ့တစ်ဝက်ကို ထိန်းချုပ်ထားပြီးပြီလို့ ဆိုလာတဲ့ NUG နဲ့ လက်ရှိတပ်မတော်ဟာ Dimension လေးခုလုံးကနေ စွမ်းအားပြည့်စစ်ဆင်နိုင်မဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ ပြောလာတဲ့အကြောင်းတွေကိုပဲ သုံးသပ်ပေးချင်ပါတယ်။

ငါးနှစ်လောက်အချိန်ယူဖြေရှင်းရမဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်း

မြန်မာ့နိုင်ငံရေးပဋိပက္ခတွေကို မကြာမီဖြေရှင်းနိုင်မယ်ဆိုတဲ့အချက်ကို သံသယရှိနေသလို မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ ၅ နှစ်ကျော်ကြာ အချိန်ယူရဖွယ်ရှိနေတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ထုတ်ဖော်ပြောဆိုပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မှာ ကျင်းပနေတဲ့ အာဆီယံ-အီးယူထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိချိန် ဘယ်လ်ဂျီယံနိုင်ငံရောက် ကမ္ဘောဒီးယားနိုင်ငံသားတွေနဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ”ကျွန်တော့်ရဲ့ခန့်မှန်းမှုအရဆိုရင် မြန်မာ့နိုင်ငံရေးအခက်ခဲနဲ့ ပဋိပက္ခတွေကိုဖြေရှင်းနိုင်ဖို့ အနည်းဆုံးအချိန် ၅ နှစ်ခန့် အချိန်ယူရဖွယ်ရှိပါတယ်။ တစ်စုံတစ်ဦးဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ အဖြေတွေရယူနိုင်မယ်လို့ တွေးထင်နေရင် အဲဒီသူတွေကိုယ်တိုင် ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းသင့်တယ်။ ကျွန်တော်တို့ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးလုပ်ခဲ့တယ်။ ဒါကြောင့်လည်း အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံကို ထပ်မံသွားရောက်စရာမလိုတော့ဘူး”လို့ ဟွန်ဆန်က ပြောခဲ့ပါတယ်။

ဟွန်ဆန်အပြောက အမှန်ပါ။ တစ်ဖက်မှာကလည်း နိုင်ငံတကာက ကိုယ့်ဘက်ပါလာနေတယ်ဆိုပြီး အောင်မြင်မှုရမယ်ထင်နေတဲ့ NUG နဲ့ NUG က အကြမ်းဖက်သမားဆိုပြီး မြင်လာအောင် ဘယ်နိုင်ငံကမှ မထောက်ပံ့အောင် မဟာဗျုဟာကျကျ လုပ်ထားတဲ့ SAC ကလည်း သူတို့ မရှုံးဘူးလို့ ယူဆနေတာ အထင်းသားတွေ့နေရတာပါ။ နှစ်ဖက်စလုံးက ငါတို့နိုင်နေပြီ ထင်နေတဲ့ ကာလမှာ ဒီပုံအတိုင်းသာ ရှေ့ဆက်မယ်ဆို မြန်မာ့နိုင်ငံရေးအကျပ်အတည်းက ဟွန်ဆန်ပြောတာထက်ပိုပြီး ဆယ်စုနှစ်မကတောင် ကြာသွားနိုင်တဲ့ အခြေအနေမြင်နေရပါတယ်။

နိုင်ငံ့တစ်ဝက်ကို ထိန်းချုပ်ထားပြီဆိုတဲ့ NUG

မြို့တွေကို ကပ်မလာရဲအောင် ထိန်းချုပ်ထားတာကလွဲရင် ရွာတွေကို လှည့်မကြည့်တဲ့ အခြေအနေကြောင့် နိုင်ငံ့တစ်ဝက်ကို ထိန်းချုပ်ထားနိုင်ပြီလို့ NUG ခဏခဏဝံ့ကြွားနေတာ မလွန်ပါဘူး။ အခုဆိုရင် မြန်မာနိုင်ငံမှာ ခရီးသွားရင်တောင် ဆက်ကြေးကောက်ခံရတာ၊ နိုင်ငံ့ဝန်ထမ်းဆိုရင် ဖမ်းဆီးလုယက်၊ သတ်ဖြတ်မုဒိမ်းကျင့်နေကြတာလည်း ဒေသအများစုမှာ ကြုံနေရတဲ့ ပြဿနာပါ။ ဒါကြောင့်မို့လို့လည်း ရွာ ၆၀၀၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ PDF အဖွဲ့ ၆၀၀ လောက်နဲ့ ရွာ ၃၀၀၀၀ လောက် ထိန်းထားချိန်မှာ နိုင်ငံ့တစ်ဝက်ထိန်းထားပြီလို့ NUG ပြောတာကလည်း မှားတယ်လို့ မဆိုသာပါဘူး။

“သူတို့ဟာ တိုင်းပြည်ကို ချုပ်ကိုင်ထားနိုင်ခြင်း မရှိတဲ့အပြင် နေရာတိုင်းမှာလည်း အရပ်သားအတိုက်အခံတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရပ်သားတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ကျနော်တို့ တိုက်ပွဲမှာ အနိုင်ရပြီး နိုင်ငံတစ်ဝက်ကျော်ကို အခု ထိန်းချုပ်နိုင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ယူကရိန်းလိုမျိုး နိုင်ငံတကာ အသိုက်အဝန်းဆီက ရရှိတဲ့ ထောက်ပံ့မှုကိုရရင် ပြည်သူတွေ ကြုံနေရတဲ့ သတ်ဖြတ်မှုနဲ့ ဒုက္ခတွေ ပိုမိုမြန်ဆန်ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်” လို့ NUG ရဲ့ သမ္မတ ဒူဝါလရှီးလက ​ပြောပါတယ်။

တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ရွာတွေကို အဓိကထိန်းချုပ်ထားတဲ့ NUG, PDF တွေဟာ နာမည်ကောင်းနဲ့ ထိန်းချုပ်ထားနိုင်တာတော့မဟုတ်ဘဲ ဝန်ထမ်းဆို ဖမ်းဆီးသတ်ဖြတ်၊ မုဒိမ်းကျင့်လုယက်၊ ဆက်ကြေးကောက်တယ်ဆိုတဲ့ နာမည်ပျက်တွေလည်း ထွက်နေတာမို့လို့ ပြည်သူတွေကို သေနတ်ပြ အကြောက်တရားနဲ့ ခြိမ်းခြောက်တဲ့ပုံစံ ဖြစ်မှန်းမသိဖြစ်လာနေတာကိုလည်း သတိထားမိဖို့ လိုအပ်နေတာ မြင်ရပါတယ်။

Dimension လေးခုကနေ တိုက်စစ်ဆင်လာနိုင်တဲ့အခြေအနေ

နိုင်ငံတကာရဲ့ ဖိအားတွေ မြင့်တက်လာပြီး NUG က ဝံ့ကြွားမှုတွေ ပိုများလာတဲ့ ဒီရက်သတ္တပတ်မှာ တိုက်ခိုက်သူတွေက တပ်ပျက်နေပြီလို့ ကြွေးကြော်နေတာကို လေတပ်အင်အားအပြည့်ဖြည့်ပြခဲ့တဲ့အပြင် မြေပြင်၊ လေပြင်၊ ရေပြင်၊ ရေအောက်ကပါ တိုက်စစ်ဆင်နိုင်နေပြီလို့ တပ်မတော်(လေ)ရဲ့ (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့မှာ Su-30 SME လေယာဉ်၊ FTC 2000 G လေယာဉ်၊ Ka-28 ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်နဲ့ FT-7၊ Y-8 ၊ K-8W လေယာဉ်တွေ တပ်တော်ဝင်ချိန်မှာ လက်ရှိတပ်မတော်ဟာ Dimension လေးခုစလုံးကနေ တိုက်စစ်ဆင်နိုင်ပြီလို့တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလာပါတယ်။

နိုင်ငံတကာရဲ့ ဖိအား၊ NUG ရဲ့ ဝံ့ကြွားမှုတွေ ပေါ်လာချိန် လက်နက်ကိုင်အဖွဲ့ ၆၀၀ ခန့်ပေါ်ထွန်းလာပြီးနောက် လေကြောင်းတိုက်ခိုက်ရေးဆင်နွှဲနေမှုအပေါ် ကန့်ကွက်မှုတွေ၊ လေယာဥ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှုတွေ ရှိနေချိန်မှာ ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံအဆင့် ၃၉ ရဲ့ တပ်ချုပ်တစ်ယောက်ရဲ့ ဟစ်ကြွေးမှုက ပေါ့သေးသေးမဟုတ်သလို “အနိမ့်ဆုံးအဆင့်၊ အနည်းဆုံးအင်အား” ကနေ “အမြင့်ဆုံးအဆင့်၊ အလုံးစုံအင်အား” အထိ အလွယ်တကူတက်လာလို့ရတယ်လို့ ပြောချင်တာလား တွေးစရာပါလို့ ပြောရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *